သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဒဏ်ကြောင့် ကချင်ဒုက္ခသည်တွေအခက်အခဲဖြစ်


ကချင်စစ်ပြေးဒုက္ခသည်များ
ကချင်စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေအနီး ကချင်ပြည်နယ် လိုင်ဇာမြို့က ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးတွေ အပြင်းအထန်ကြွေကျလို့ စခန်းထဲက ယာယီနေထိုင်တဲ့တဲအိမ်တွေ ပြိုကျပျက်စီးခဲ့ရပါတယ်။ ဒုက္ခသည် စခန်းတွေမှာ နှစ်နဲ့ချီနေထိုင်နေရဆဲ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ရာသီဥတုဆိုးဝါးဒဏ်နဲ့ နေရာထိုင်ခင်း အကျပ်အတည်းတွေကြောင့် နေထိုင်ရေးက အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ သွားပေးနိုင်ဖို့ကလည်း အခုအချိန်အထိ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် သွားခွင့် ပိတ်ပင်ခံနေရဆဲ အနေအထားဖြစ်တယ်လို့ဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီရက်ပိုင်းမှာပဲ ရာသီဥတုဆိုးဝါးပြီး လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးပြင်းထန်စွာရွာသွန်းတဲ့အပြင် အရွယ်အစားကြီးမားတဲ့ မိုးသီးတွေပါ ကျလာလို့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေထဲက အဆောက်အဦးနဲ့ ဒုက္ခသည်တဲတွေ ပြိုကျပျက်စီးဆုံးရှုံးခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်ရေး နဲ့ စားဝတ်နေရေး အတော်လေး အခက်တွေ့နေကြရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကပြောပါတယ်။ ၂၀၁၁ ဇွန်ကစလို့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား တကျော့ပြန် စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တာ အခုဆိုရင် ခြောက်နှစ်ကျော်လို့ ခုနှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့လို့ တိုက်ပွဲတွေက ဆက်ပြင်းထန်နေဆဲ အနေအထားဖြစ်ပါတယ်။

အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နှစ်ချီနေထိုင်နေရပြီး အခုလို ရာသီဥတုဆိုးဝါးတဲ့ဒဏ်နဲ့ ယာယီအဆောက်အဦးတွေမှာ မိသားစုတွေ ကျပ်ကျပ်တည်းတည်းနေထိုင်နေရတဲ့ဒဏ်ကြောင့် ပြိုကျပျက်ဆီးမှုတွေ ဖြစ်နေလို့ နေထိုင်ရေးက အတော်လေး အခက်အခဲဖြစ်နေတယ်လို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးလဘမ်ဂမ်အောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"သတင်းကတော့ ကျနော်တို့လည်း အဲ့လိုကြားရပါတယ်။ အဓိကကတော့ နေရာထိုင်ခင်းတွေနဲ့ သူတို့နေထိုင်တဲ့အဆောက်အဦးတွေပေါ့ တချို့ပျက်ဆီးသွားတယ်လို့ ကြားသိရတယ်။ ပြည်သူလူထုကတော့ အခုလောလောဆယ် လေမုန်တိုင်းဖြစ်နေတဲ့အခါကျတော့ အဲ့ဒီ့နေဖို့ထိုင်ဖို့ အဓိက နံပတ်တစ်ပေါ့နော် နောက်တချက်ကတော့ စားဖို့သောက်ဖို့ လောလောဆယ် လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။

အထူးသဖြင့်ကတော့ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်ဖို့အခက်အခဲအပြင် လူသားချင်းစာနာမှုအကူအညီတွေ သူတို့ဆီကို ပေးပို့တာကို ဟန့်တားကန့်သတ်ခံရတာနဲ့ ရိက္ခာထောက်ပံ့မှုတွေ ရပ်စဲခံလိုက်ရတဲ့အတွက် နေ့စဉ်လူနေမှုဘဝ ရပ်တည်နေထိုင်စားသောက်ရေး အတော်လေးအခက်တွေ့လာရလို့ ဒုက္ခသည်အချို့ စခန်းအပြင်ကို အသက်စွန့်ထွက်ပြီး စားစရာထွက်ရှာဖွေရတဲ့ အနေအထား အထိဖြစ်လာတယ်လို့လည်း ဦးလဘမ်ဂမ်အောင်က ပြောပြပါတယ်။

"စစ်ပြေးဒုက္ခသည်တွေက နှစ်တွေနဲ့ချီပြီး အချိန်တော်တော်ကြာလာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့ကလည်း အရမ်းကျဉ်းကျပ်တယ်။တချို့နေရတာဆို အခန်းတွေက သေးသေးလေး ကျဉ်းကျဉ်းလေးပဲ။ လူတွေကလည်း အသက်ကြီးလာတယ်. ကလေးတွေကလည်း ကြီးလာတယ် နောက်တချက်ကတော့ သက်ကြီးရွယ်အိုတွေက ကောင်းကောင်းမွန်မွန် နားမနေရဘူး ဘာဖြစ်လို့လဲဆိုတော့ IDP မှာနေတဲ့သူတွေက အရင်တုန်းကတော့ ကူညီတဲ့အေဂျင်စီတွေ အလှူရှင် ဒိုနာတွေများတယ် အခုနောက်ပိုင်းမှာကျတော့ အခက်အခဲတွေကလည်းများလာတယ်။ ကူညီပံ့ပိုးမှုကလည်း လျော့နည်းလာတဲ့အခါကျတော့ IDP က အပြင်မှာ ထွက်ပြိးတော့ အသက်မွေးဝမ်းကျောင်းအတွက် ဝင်ငွေတွေရတဲ့လုပ်ငန်းတွေ လုပ်လာကြရတယ် ကလေးတွေကအစပေါ့။ အဲ့ဒိ့အခါကျတော့ ကျနော်တို့အနေနဲ့ကတော့ စားဝတ်နေရေးရယ် နေဖို့ထိုင်ဖို့ရယ် ဝင်ငွေရရှိဖို့ လုပ်ငန်းတွေ ဖန်တီးပေးနိုင်ဖို့ ဆိုရင် သူတို့ရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ ဖြည့်ဆည်းပေးရာရောက်မယ်လို့ ကျနော်တို့ကတော့ အကြံပြုချင်ပါတယ်ခင်ဗျ။"

ပြီးခဲ့တဲ့ဇန်နဝါရီဆန်းကလည်း ကချင်ပြည်နယ် တနိုင်း၊ မန်စီ နဲ့ ဆွမ်ပရာဘွမ် ဖားကန့်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့လို့ ဒုက္ခသည်စခန်းတွေကိုပါ လက်နက်ကြီးကျည်ကျခဲ့လို့ အသက်ဘေးကနေ လွတ်အောင် ဒုက္ခသည်စခန်းတွေကနေ ထပ်ထွက်ပြေးခဲ့ရတဲ့အနေအထားရှိပါတယ်။ဒုက္ခသည်စခန်းတွေအထိ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူညီတွေ သွားပေးနိုင်ဖို့က အခုအချိန်အထိ အခက်အခဲဖြစ်နေတုန်းပဲလို့ ဦးလဘမ်ဂမ်အောင်ကပြောပါတယ်။

"အခုထက်ထိတော့ အဆင်မပြေဘူးခင်ဗျ။ တနိုင်းဘက်ဆိုရင်လည်း ဆန်တွေဘာတွေ သယ်လို့မရဘူးလေ။ ပစ္စည်းတွေဆို စားသောက်ကုန်ကအစ သယ်ယူပို့ဆောင်ဖို့ ခက်ခဲတယ်။ နောက်တခုက သူတို့ဆီရောက်အောင် လုပ်ပေးဖို့ကလည်း လုံခြုံရေးကြောင့်ပဲလားမသိဘူး။ IDP ရှိတဲ့နေရာတွေကို ရိက္ခာတွေပေးပို့ဆိုတာ ထိန်းချုပ်မှုတွေရှိနေသေးတယ်။ ဒါပေမဲ့ ကျနော်တို့ humanitarian aid လူသားချင်းစာနာမှုအကူညီတွေ အရောက်ပို့ပေးနိုင်ဖို့အတွက် တပ်ဘက်ကို ကျနော်တို့ အမြဲတမ်းတိုက်တွန်းနေတယ်။ ပြောဆိုနေတယ် နောက် ကျနော်တို့ သံရေးတမန်ရေး တခြားသံရုံးတွေကနေလည်း အကူညီတောင်းပေးဖို့ အမြဲတမ်းတင်ပြနေတယ်။ အကူအညီလည်း တောင်းခံခဲ့တယ်။ နိုင်ငံတော်အစိုးရကိုလည်း အကူညိတောင်းချင်တယ် ဘာဖြစ်လို့လဲဆိုတော့ စစ်တိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ရောက်သွားတာမဟုတ်ပဲနဲ့ IDP တွေ တကယ်ဒုက္ခရောက်နေတဲပြည်သူတွေဆီကိုရောက်ဖို့ဆိုရင် နိုင်ငံတော်အစိုးရကို အကူညီတောင်းပြိးတော့ အရောက်ပို့ပေးတဲ့အခါ အဟန့်အတားမရှိဖို့ လမ်းကြောင်းတွေဖွင့်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။

IDP စခန်းတွေအထိ အမြောက်ကြိးတွေနဲ့ တိုက်ခိုက်တဲ့အခါကျတော့ တိုင်းရင်းသားလက်နက်ကိုင် KIO KIA တွေနဲ့ပစ်ခတ်တဲ့အခါကျတော့ လက်နက်ကြီးတွေကလည်း အဲ့ဘက်တွေကို ကျလာတဲ့အခါကျတော့ ဆိုတော့ IDP မှာနေရပေမဲ့ ဘဝတွေအတွက် သူတို့အတွက် လုံခြုံမှု သူတို့အတွက် အသက်အန္တရာယ်လုံခြုံရေးအတွက် အာမခံချက်မရှိတဲ့အခါကျတော့နေရပ်ဒေသကို ပြန်ဖို့ဆိုတာကလည်း လုံခြုံစိတ်ချမှုကလည်း မရှိ စစ်တွေကလည်း ခနခန တိုက်နေတဲ့အခါကျတော့ သူတို့က စိုးရိမ်နေကြပြီး ပြန်ဖို့ဆိုတာကတော့ အကြောက်တရားနဲ့ပဲ ဒီမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ဆက်နေနေရတဲ့ဘဝဖြစ်နေပါတယ်။"

ဒါကြောင့် ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရနဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က ဒုက္ခသည်တွေ အရေးတကြီးလိုအပ်နေတဲ့ အကူညီတွေ ပေးပို့နိုင်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေကြတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG