သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သမ္မတဟောင်း George W. Bush ရဲ့ George W. Bush Presidential Center က ပို့ချလေ့ကျင့်ပေးတဲ့ ခေါင်းဆောင်မှု သင်တန်းကို တက်ရောက်လာကြတဲ့ မြန်မာလူငယ် ခေါင်းဆောင်တွေထဲက ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာရုံး က ဆက်သွယ်ရေး အရာရှိ မထက်ထက်ဦးနဲ့ အားဖြည့်ဆန်စီမံချက် ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်တို့ကို သင်တန်းအပြီး ဝါရှင်တန် ဒီစီမှာ လွှတ်တော်ရေးရာ က်ာမတီမှာ လေ့လာခဲ့တာတွေနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို ကိုဇော်ဝင်းလှိုင်က မေးမြန်းရာမှာ မထက်ထက်ဦးက သူတို့ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခုလို စပြောပါတယ်။

မထက်ထက်ဦး။ ။ ဟုတ်ကဲ့ပါရှင့်။ ကျမတို့ အစည်းအဝေး အတွင်းမှာ နိုင်ငံခြားရေး ဘက်ကပေါ့နော်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေ အချို့နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေ၊ ပူပန်မှုတွေကို ပြောပြခဲ့တယ်။ ပထမ အချက်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ပြသနာတွေပေါ့နော်။ အထူးသဖြင့်တော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ ရှိတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပြသနာတွေကို သူတို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ပူပန်တဲ့ အကြောင်း ပြောပါတယ်။

နောက်တချက်ကတော့ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တခုက ဒီ ၆၆ ( ဃ) ပေါ့နော်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့် အဲဒါနဲ့ ပတ်သက်ပြီး တော့လည်း သူတို့ ဒီ ဖြစ်ပျက် နေတဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။

နောက်တချက် အနေနဲ့ကတော့ အထူးသဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဒီပြသနာတွေ ဆက်လက် ထွက်ပေါ်နေတယ် ဆိုတာကို ထောက်ပြတယ်။ နောက် အထူးသဖြင့် လူနည်းစု လူနည်းစုတွေ အပေါ်မှာ ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ဒီ အမေရိကန် အစိုးရ အနေနဲ့ ဆက်လက် ပံ့ပိုးသွားမယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson ကလည်း မကြာသေးခင်ကဘဲ ပြောထားတာ ရှိတယ်လေ။ အဲတော့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရော သူတို့ဘက်က ဘယ်လို သဘောထားမျိုး ရှိလဲဆိုတာတွေရော ပြောတာ ပြုတာတွေ ရှိလား။

မထက်ထက်ဦး။ ။ ဟုတ်ကဲ့ပါရှင့်။ ရှိပါတယ်။ သူတို့ အနေနဲ့ အဓိက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ဒီ ဖြစ်စဉ်ကြီး တလျှောက်လုံးမှာ သူတို့ဘက်က အမေရိကန် နိုင်ငံ အနေနဲ့ ပိုပြီးတော့ ပံ့ပိုးဆောင်ရွက်သွားဖို့ သူတို့ အဓိက ဦးစားပေး သူတို့ရဲ့ အဓိက ဦးစားပေး လုပ်ငန်းတခုဖြစ်တယ်လို့ သူတို့ ပြောသွားပါတယ်။ နောက်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကိုလည်း သူတို့ ထပ်ပြီးတော့ ဒီအသွင်ကူးပြောင်းရေး ကာလမှာ အကောင်းဆုံး လုပ်ဆောင် ဆောင်ရွက်နိုင်ဖို့ အတွက် သူတို့ဘက်က ဆက်လက် ပံ့ပိုးသွားမယ်လို့လည်း ပြောခဲ့ပါတယ်ရှင့်။

နောက်ဆုံး အချက်အနေနဲ့ကတော့ အခု မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့နော်။ အဲဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဖွဲ့အစည်း အကုန်လုံး ပါဝင်လာနိုင်ဖို့ ပေါ့နော်။ အဲဒီ အချက်ကိုလည်း သူတို့ဘက်က ဦးစားပေး လုပ်ငန်း တရပ်အနေနဲ့ ပံ့ပိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ မထက်ထက်ဦး ကျေးဇူးတင်ပါတယ်။ ကျနော် အခုဆက်ပြီး ဒေါက်တာ မျိုးမြင့်အောင်ကို မေးချင်ပါတယ်။ လက်ထောက် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တာကတော့ အင်္ဂါနေ့ကပေါ့နော်။ ဒီ ဗုဒ္ဓဟူးနေ့မှာကျတော့ ဒေါက်တာ မျိုးမြင့်အောင်တို့ အနေနဲ့ လွှတ်တော် ရေးရာ ကော်မတီတွေမှာ သွားပြီးတော့ လေ့လာခွင့် ရခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ ဘယ်လိုကော်မတီတွေကို သွားရောက် လေ့လာခွင့် ရခဲ့ပါသလဲ ဆိုတာကို အရင် ပြောပြပေးပါလား။

ဒေါက်တာ မျိုးမြင့်အောင်။ ။ လွှတ်တော် ကော်မတီ သုံးခုကို သွားပြီး တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ပထမဆုံး တခုကတော့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီကို ဆီးနိတ် လွှတ်တော်မှာရယ် နောက်ပြီးတော့ ကျနောတို့ House of Representative ပေါ့နော်။ ကျနော်တို့ လွှတ်တော် နှစ်ရပ်လုံးမှာ ရှိတဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီနဲ့ တွေ့ခဲ့ စကားပြောခဲ့ပါတယ်။

တတိယ တခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းများ ဆိုင်ရာ ကော်မတီပေါ့နော်။ အဲဒီ ကော်မတီနဲ့လည်း ကျနော်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ဒီနေ့ လုပ်ခဲ့ပါတယ် ခင်ဗျ။

ကိုဇော်ဝင်းလှိုင်။ ။ လက်နက်ကိုင် အဖွဲ့အစည်းများ ကော်မတီကတော့ ဟိုဘယ်လို ပြောမလဲ လွှတ်တော်မှာ အတော် သြဇာရှိတဲ့ ကော်မတီထဲမှာ ပါတယ်လေ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ အမေရိကန် စစ်တပ်နဲ့ စစ်တပ်ချင်း ဆက်ဆံရေး ကိစ္စတွေ အထူးသဖြင့် မရှိသေးဘူး ဆိုပေမယ့်လည်း သူတို့ စစ်တပ်ချင်း ဆက်ဆံရေး အစပျိုးတဲ့ အဆင့်မှာ ရှိတယ်ဆိုပြီး ယေဘုယျ အများစုက နားလည်ကြတော့ အဲဒီမှာ သွားလေ့လာတဲ့ အခါကျတော့ မြန်မာပြည် စစ်တပ်နဲ့ ဆက်ဆံရေး ကိစ္စတွေများ ပြောတာဆိုတာ ဆွေးနွေးတာတွေ ရှိခဲ့ပါလား။

ဒေါက်တာ မျိုးမြင့်အောင်။ ။ ဟုတ်ကဲ့။ သူတို့နဲ့ အဲဒီ အပိုင်းတွေကိုတော့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ Military to Military Engagement နဲ့ ပတ်သက်ပြီး ကျနောတို့ ဘက်မှာ ရှိတဲ့ Concern တွေပေါ့နော် ဒီလိုမျိုး ဆက်ဆံမှုတွေ ဖြစ်လာတဲ့ အခါကျရင် ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာလည်း အခုဟာ တချို့ ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေ ရှိတယ်။ မငြိမ်းချမ်းတာတွေ ရှိတော့ ကျနော်တို့မှာလည်း ရှိတဲ့ Concern တွေကိုလည်း သူတို့ကို တင်ပြ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

သူတို့ဘက်ကတော့ ကျနော်တို့ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပေါ့နော် ဘယ်လို Stand Point ယူမယ်ဆိုတာမျိုးကို ကျနော်တို့ကို ရှင်းရှင်းလင်းလင်း ပြောတာ မရှိပါဘူး။ သူတို့ဘက်ကလည်း စဉ်းစားနေဆဲ အဆင့် ရှိတယ်ပေါ့နော်။ စဉ်းစားနေဆဲ ရှိတယ်ဆိုတာမျိုးဘဲ ကျနော်တို့ကို ရှင်းပြပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အမေရိကန် လွှတ်တော်ထဲမှာ သွားပြီး လွှတ်တော်ထဲက ကော်မတီတွေမှာ သွားပြီး လေ့လာခွင့်ရတော့ ဘယ်လို မြင်မိသလဲ။ ကိုယ်လည်း မြန်မာပြည်က လွှတ်တော် အခြေအနေတွေ တီးမိခေါက်မိ နည်းနည်း ပါးပါး ရှိတယ်ဆိုတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လို မြင်မိလဲ။

ဒေါက်တာ မျိုးမြင့်အောင်။ ။ ကျနော့် အမြင်ကတော့ ဒီမှာ လာပြီးတော့ လွှတ်တော်တွေမှာ လေ့လာခွင့် ရတယ်။ နောက်ပြီးတော့ ဒီမှာ ရေးရာ ကော်မတီတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ မေးမြန်းခွင့် ရတာက ကျနော်တို့ အတွက်တော့ အတော်လေး အတွေ့အကြုံကောင်း ဖြစ်ပါတယ်။ ဒုတိယ တချက် ကျနော် အားသာချက် တွေ့တာကတော့ လူထုနဲ့ ထိတွေ့ဆက်ဆံမှု အပိုင်းမှာ ပိုပြီး အလေးထားတယ်ပေါ့နော်။ ပြည်သူ့ရဲ့ အသံကို နားထောင်ပြီးတော့ ပြည်သူ အတွက် ဘာလုပ်ပေးလို့ ရမလဲဆိုတာမျိုးကို စဉ်ဆက်မပြတ် စဉ်းစားနေတဲ့ သဘော သဘာဝ လေးကိုတွေ့တော့ ကျနော်တို့ တကယ်ဘဲ အားကျမိပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ဆိုရင်လည်း ကျနော်တို့ ဒီထက်ပိုပြီးတော့ သက်ဝင်လှုပ်ရှားမှု ရှိတဲ့ လူထုအသံကိုလည်း နားထောင်နိုင်တဲ့ လူထု အကျိုးကိုလည်း လုပ်နိုင်တဲ့ လွှတ်တော် အမတ်တွေလည်း အများကြီး ပေါ်ပေါက်လာစေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့ နိုင်ငံတော်က ဒီမိုကရေစီ ဖွံ့ဖြိုးတဲ့ လူမှုအဖွဲ့အစည်းလေး တခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ ပိုပြီးတော့ အရှိန်အဟုန်နဲ့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မယ်လို့ ကျနော်က ထင်ပါတယ် ခင်ဗျ။

XS
SM
MD
LG