သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူ့အခွင့်အရေးအစီရင်ခံစာ မြန်မာအရေးလှုပ်ရှားသူတွေကြိုဆို


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာကို ဧပြီလ ၁၂ ရက်နေ့က စစ်တပ်က နယ်မြေရှင်းလင်းစဉ် မီးရှို့ထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-Aung Hsan Lin FB)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာကို ဧပြီလ ၁၂ ရက်နေ့က စစ်တပ်က နယ်မြေရှင်းလင်းစဉ် မီးရှို့ထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-Aung Hsan Lin FB)

[[Zawgyi/Unicode]]


မြန်မာစစ်ကောင်စီရဲ့ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ၊ အကျဉ်းထောင်တွင်း ညှင်းပန်းမှုတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်တွေကို မနေ့ကထုတ်တဲ့ အမေရိကန်အစိုးရရဲ့နှစ်စဉ်နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ မြန်မာ့လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တွေကတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာကို ကြိုဆိုလိုက်ပြီး ဒီလိုနိုင်ငံတကာ ဖိအားတွေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူတို့ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေးအခြေအနေတွေကို ဖော်ပြတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန နှစ်စဉ် လူ့အခွင့်အရေးအစီရင်ခံစာထဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးဝါးလာနေတာကို ထောက်ပြထားပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ဆန္ဒပြတောင်းဆိုမှုတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက်နှိပ်ကွပ်တာအပြင် အခုနောက်ပိုင်း အရပ်သားတွေကို ပစ်မှတ်ထားအကြမ်းဖက်တာတွေကိုပါ မှတ်တမ်းပြုစုထားပါတယ်။ လူ့ဂုဏ်သိက္ခာကို အလေးမထားတာ၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို မလေးစားတာ၊ နိုင်ငံရေးဖြစ် စဉ်မှာ ပါဝင်နိုင်တဲ့အခွင့်အရေး မပေးတာ၊ အစိုးရအတွင်းက အကျင့်ပျက်ခြစားမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးခွင့် ပိတ်ပင်ထားတာ၊ လူနည်းစုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်တာနဲ့ အာဏာဖီဆန်တဲ့ အလုပ်သမားတွေကို ဖိနှိပ်တာတွေကို အကြောင်းအရာအလိုက်ခွဲခြားပြီး မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ဖော်ပြထားပါတယ်။ မြန်မာ့လူ့အခွင့်အရေးဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေက ဒီ အစီရင်ခံစာပါ အချက်အလက်တွေကို သဘောတူသလို အခုလို အမေရိကန်အစိုးရ ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုခဲ့ကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကတော့ လျော့မသွားပေမယ့် ရေရှည်မှာ အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေက သက်ရောက်လာနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် က ဗွီအိုအေကို ပြောပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်သူတွေ ပိုများလာသလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ပိုဆိုးလာနေတယ်လို့ သူကပြောပါတယ်။

"နိုင်ငံတကာဖိအားကို သူတို့ ဂရုမစိုက်သလို ဖြစ်နေတာပေါ့နော်။ ဒါပေမယ့် နိုင်ငံတကာက ဖိအားပေးတယ်ဆိုတာက သက်ရောက်မှုတော့ ရှိပါတယ်။ အခုလိုမျိုး အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ကျနော်တို့ကြည့်မယ်ဆိုရင် တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာတယ်။ ဒါကိုလည်းတွေ့ရသလို နိုင်ငံတကာအစိုးရတွေကလည်း မြန်မာနိုင်ငံကို ဂရုပိုပြီးတော့ စိုက်လာတဲ့အခြေအနေမှာ တွေ့နေရတယ်။ အဓိကတော့ လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ ဒါတွေကို ကြိုဆိုတယ်၊ လက်လည်းလက်ခံတယ်။ ဒီလိုမျိုး ဖိအားပေးမှုက သက်ရောက်မှုလည်းရှိတယ်၊ ထိရောက်မှုလည်းရှိတယ်လို့ ကျနော်တော့ ယူဆပါတယ်။"

ဒီရက်ပိုင်းထဲမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက ရွာတွေမီးရှို့ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ စာရင်းအရဆိုရင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက အိမ်ခြေပေါင်း ၇,၀၀၀ ကျော် မီးရှို့ခံရတယ်လို့ ရေးသားထားပါတယ်။ ဒီစာရင်းကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

တကယ်တော့ နိုင်ငံတကာရဲ့ဖိအားတွေက မြန်မာ့အရေးကို သိသိသာသာ ပြောင်းလဲခဲ့တာမျိုး မတေ့ရဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်သူတချို့က မြင်ပါတယ်။ ပြည်တွင်းပြည်ပက မြန်မာ့အင်အားစုတွေ အားလုံးဝိုင်းဝန်းလုပ်ဆောင်မှပဲ အပြောင်း အလဲဖြစ်ပေါ်လာလိမ့်မယ်လို့ Fortify Rights ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Nickey Diamond က ဗွီအိုအေကို ပြောပါတယ်။

"အဓိက အရွှေ့က ပြည်တွင်းကပဲလာတယ်။ အခုချိန်မှာ ယူကရိန်းကို ဥပမာယူသင့်တယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ နိုင်ငံတကာက မြန်မာ့အရေးကို ဆောင်ရွက်တဲ့နေရာမှာ အားမလိုအားမရတာတွေ အများကြီးရှိတဲ့အခါကျတော့ ကျနော်က အဓိကထောက်ပြချင်တာက နိုင်ငံခြားကိုရောက်နေတဲ့ မြန်မာတွေက သူတို့နေထိုင်တဲ့ နိုင်ငံတွေမှာ အရင်ကထက်ပိုပြီး လှုပ်ရှားဖို့လိုတယ်။ နေ့တိုင်း အကြမ်းဖက်စစ်တပ်က လူတွေသတ်နေတယ်။ ရွာတွေမီးရှို့နေတယ်။ မထင်ရင်မထင်သလို အပြစ်မဲ့တဲ့ ပြည်သူတွေကို ပစ်သတ်နေတယ်။ မုဒိမ်းကျင့်နေတယ်။ ဒီလိုလုပ်ရပ်တွေကို ကျူးလွန်နေတဲ့အချိန်မှာ နိုင်ငံတကာရောက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ မြန်မာတွေက ဖြစ်နေတဲ့အကြောင်းအရာတွေကို သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ သူတို့အစိုးရတွေရော ပြည်သူတွေရော သိအောင်လုပ်ပေးဖို့လိုတယ်။ အဲဒီတော့ ဘာဖြစ်မလဲဆိုရင် ဘက်ပေါင်းစုံကနေပြီးတော့ တွန်းမှပဲ အရွေ့ကဖြစ်မှာပေါ့နော်။"

အာဏာသိမ်းတဲ့ရက်ကစပြီး ဧပြီလ ၆ ရက်အထိ အရပ်သား ၂,၃၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းက ၅၄၆ ယောက်နဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းက အစဉ်လိုက် အများဆုံးဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ စစ်ကြောရေးမှာ သေဆုံးခဲ့တာရှိသလို မီးရှို့သတ်ဖြတ်ခံရသူတွေလည်း ပါပါတယ်။

အကျဉ်းထောင်၊ အလုပ်စခန်း၊ ထိန်းသိမ်းရေးစခန်းတွေက အခြေအနေတွေလည်း ခက်ခဲကြမ်းတမ်းပြီး ညှင်းပန်းမှုတွေနဲ့အတူ ဆေးကုသခွင့်တွေမရတာ၊ အကျဉ်းခန်းနဲ့ အကျဉ်းသားဦးရေ မမျှတာတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေတွေ ရှိပါတယ်။ ဒါတွေကို အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ အသေးစိတ် ရှင်းလင်းထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက စစ်တပ် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ စီးပွားရေးလုပ် ငန်းတွေ အပါအဝင် လူပုဂ္ဂိုလ် ၇၀ ဦးကို အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းတွေ ပိုပြီးဆိုးရွားလာတဲ့အတွက် လူသားချင်းစာနာတဲ့ အကူအညီတွေကို ခွင့်ပြုပေးဖို့နဲ့ လူမှုဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စစ်အာဏာရှင်ကို ဖိအားပေးကြဖို့ ဒေသတွင်းက မိတ်ဘက်နိုင်ငံတွေကို အမေရိကန်အစိုးရက အားပေး တိုက်တွန်းနေကြောင်း အမေရိကန်သံရုံးကလည်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေဟာလည်း လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့သတင်းပတ်တွေကပဲ သတ်မှတ်ကြေညာခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီရဲ့ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို အထောက်အထားနဲ့ ဖော်ပြထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ဆိုင်တဲ့ အစီရင်ခံစာကိုလည်း မကြာခင်ထုတ်ပြန်ဖို့ရှိပြီး ဒီအထဲမှာ မြန်မာပြည်တွင်းက ဖိနှိပ် မှုတွေနဲ့ပတ်သက်တဲ့ ပိုပြီးအသေးစိတ်တဲ့ အချက်အလက်တွေ ထပ်ပြီးပါလာဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]














===============

XS
SM
MD
LG