သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး CDM ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီကမ်းလှမ်း


၂၀၂၁၊ ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းများ။ (ယခင်မှတ်တမ်းဓာတ်ပုံ) 
၂၀၂၁၊ ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းများ။ (ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင်နေသလိုပဲ စစ်အာဏာသိမ်းချိန် အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ခဲ့ကြတဲ့ CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည် ထမ်းဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ တာဝန်ပြန်ထမ်းဆောင်မယ့် CDM ဝန်ထမ်းတွေရဲ့ ပျက် ကွက်ခဲ့တဲ့ ကာလတွေကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်မှာဖြစ်ပြီး ကြီးကြီးမားမား ရာဇဝတ်မှုကျူးလွန်တာမရှိရင် တာဝန်ပြန်ထမ်းဆောင်နိုင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒီအပေါ် CDM ပညာရေးဝန်ထမ်းတွေရဲ့အမြင်နဲ့ ကျောင်းတွေပြန်ဖွင့်မယ့်အရေး မိဘတွေရဲ့အမြင် စုစည်းမေးမြန်းထားပါတယ်။ ရန်ကုန်ကပေးပိုတဲ့ ဒီသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်အာဏာသိမ်းချိန် အကြမ်းမဖက် အာဏာဖီဆန်ခဲ့ကြတဲ့ CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည် ထမ်းဆောင်ကြဖို့ ဒီကနေ့ ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်တဲ့အပေါ် CDM ပညာရေး ဝန်ထမ်းတဦးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ဆရာတဦးကတော့ သူ့သဘောထားကိုခုလို ဗွီအိုအေကိုပြောလာပါတယ်။

“သူတို့ကို အစကတည်းက အစိုးရလို့မှ မသတ်မှတ်ခဲ့တာကို။ မသတ်မှတ်လို့ ကျနော်တို့က CDM လုပ်ခဲ့တာလေ။ သူတို့ပြန်ခေါ်တဲ့စာ ဘယ်လောက်ထုတ်ထုတ် ပြန်ဝင်ဖို့အကြောင်းမရှိတော့ဘူး။ ကျနော်တို့က ဖောင်ဖျက်ခဲ့ပြီးသားလေ။ သူတို့ဘယ်လိုခေါ်ခေါ် ကိုယ့်ပြည်သူ့အစိုးရ တက်မှ အလုပ်ပြန်ဝင်မယ်။... ဆိုတော့ သူတို့ထုတ်ပြန်ချက်မှာ ဟာသတခုလောက်ပဲ မြင်တယ်။ ဒီထက်မပိုဘူးဗျ။”

စစ်ကောင်စီ ဖိတ်ခေါ်ထားတဲ့ ကြေညာချက်အရ တာဝန်ပြန်ထမ်းဆောင်မယ့် CDM ဝန်ထမ်းတွေရဲ့ ပျက်ကွက်ခဲ့တဲ့ကာလတွေအတွက် လစာမဲ့ခွင့်အဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကြီးလေးတဲ့ရာဇဝတ်မှု ကျူးလွန်ထားသူတွေကလွဲပြီး တာဝန်ပြန်လည်ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာဝန်ပြန် လည်ထမ်းဆောင်လိုတဲ့ အခြေခံပညာ ဝန်ထမ်းတွေအနေနဲ့ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်း၊ ပညာရေးမှူးရုံး စတဲ့ နေရာတွေမှာ အယူခံလွှာတင်သွင်းရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ စာသင်နှစ်လယ်ကစပြီး ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ ပညာရေးစနစ်ကိုနားလည်တတ်ကျွမ်းသူ တော်တော်များများမရှိတာကြောင့် ဆရာဆရာမ လိုအပ်ချက်တွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာဖို့ ဖြစ်တဲ့နည်းနဲ့ကျောင်းကိုဖွင့်လှစ်နေတာလို့ ဆရာဆရာမများသမဂ္ဂ ဆရာက သုံးသပ်ပါတယ်။

“ခေတ်အဆက်ဆက်က စစ်ကောင်စီက အရင်ဦးသန်းရွှေလက်ထက်ထဲက ဆေးမြီးတိုနဲ့ ကျင့်သုံးခဲ့တာပဲလေ။ ဆရာအင်အားမလုံလောက်ရင် ဆေးမြီးတိုနည်းနဲ့ ခေါ်ယူလုပ်ခဲ့တာရှိတာပဲ။ ပြီးခဲ့တဲ့ နှစ်စာသင်နှစ်မှာလည်း ကျနော်တို့ CDM လုပ်ထားတယ်။ ဆေးမြီးတိုနဲ့ခေါ်တာတွေရှိတယ်။ B ed သူတို့သင်တန်းပေးခဲ့တာရှိတယ်။ အရည်အချင်းမပြည့်ပေမယ့် ပေးခဲ့တာပဲ။ ကြားထဲက ခပ်ရိုင်းရိုင်းပြောရင်တော့ ခွေးတိုးပေါက်က ဝင်ဖို့စောင့်နေသူတွေလည်းရှိတာပဲ။ ဆရာအင်အားမလုံလောက်မှုပြဿနာကိုတော့ အဲလိုဆေး မြီးတိုနဲ့ရှင်းမှာပဲ။ နောက်တချက်က ဆရာအင်အားမလုံလောက်တဲ့ အတိုင်းအတာမှာ နောက်တချက်ကလည်း ကျောင်းသားအင်အားများမှကို။ စကစအောက်မှာကျောင်းသားအင်အားများမလား မများဘူးလား။ အဲဒါတွက်ပြီးဆေးမြီးတိုနည်းသုံးလိမ့်မယ်။”

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ဆရာ/ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းအတော်များများဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် နှိပ် ကွပ်သလို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေကို ဖိအားပေးတာ အလုပ်တာဝန်ကနေ ရပ်စဲတာတွေ လုပ်ခဲ့ပါတယ်။ အဖမ်းအဆီးတချို့ပါရှိလာလို့ CDM လုပ်တဲ့ ဝန်ထမ်း အတော်များများလည်း နေရပ်ကနေ တိမ်းရှောင်ကြပါတယ်။ စစ်ကောင်စီဘက်က ကျောင်းတွေကို ပြန်ဖွင့်ဖို့ လုပ်တဲ့အခါကျတော့ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေ မတက်ဘဲ အာဏာဖီဆန်ကြဖို့ တတ်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းပြန်မပို့ဖို့ ဆုံးဖြတ်တဲ့ မိဘတချို့လည်းရှိပါတယ်။ စစ်ကောင်စီကလုပ်တဲ့ ပညာရေးစနစ်ကို မယုံလို့ဖြစ်တယ်လို့ မော်လမြိုင်မြို့က ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မထားဘူး။ သူတို့ပေးတဲ့ပညာရေးစနစ်ကို အလိုမရှိ၊ ဘယ်လိုမှကို လက်ခံနိုင်ဖွယ်မရှိလို့ ကျောင်းမထားဘူး။ မယုံကြည်ဘူး တတ်မြောက်မယ်လို့။ ရှေ့က လုပ်သွားတဲ့ မနှစ်က ပညာသင်နှစ်မှာ လုပ်သွားတဲ့ဟာကို ကြည့်ုခြင်းအားဖြင့် အယုံအကြည်မရှိဘူး။ သူတို့ မဖွင့် ရမယ့်အချိန်မှာတောင်မှ လုံလောက်တဲ့ စာသင်ချိန်မရှိတဲ့အချိန်မှာ သူတို့ တက်သုတ်ရိုက်ပြီးတော့ စီစဉ်ပြီးတော့ ဖွင့်သွားတယ်။ ဖွင့်သွားပြီးတော့ အတန်းတင်ပေးလိုက်တယ်။ အဲ့ဒီဟာကို ကြည့်ခြင်းအားဖြင့် ဒါဟာ ပညာအစစ်အမှန်တတ်မြောက်လိမ့်မယ်လို့ မယုံကြည် ဘူးပေ့ါနော် အဓိကက။”

ကျောင်းမထားဘဲ အာဏာဖီဆန်ရေးမှာပါဝင်လိုပေမယ့် ကလေးပညာရေးအတွက် စိတ်ပူပန်ရတဲ့သူတွေလည်းရှိနေပါတယ်။ ကလေး ပညာရေးအတွက် အွန်လိုင်းကနေ ကျောင်းတက်နိုင်အောင်လည်း စီစဉ်ဖို့ ခက်ခဲလို့ ကျောင်းထားဖို့ ပြင်ဆင်နေတဲ့ မိဘတွေလည်းရှိပါတယ်။ မော်လမြိုင်မြို့က နောက်ကျောင်းသားမိဘတဦးကတော့ ကလေးတွေ အိမ်မှာနေပြီး ဂိမ်းဆော့နေတာမျိုးမဖြစ်အောင် သူ့အနေနဲ့ ကလေးတွေကို ကျောင်းထားမယ်လို့ ပြောပါတယ်။

“ကျောင်းမတက်ဘူးဆိုရင် ကလေးတွေက လေသွားနိုင်တယ်။ လေသွားမယ်ဆိုတာကလေ အခုကတော့ ကလေးတွေက ၁၃ နှစ် ၁၂ နှစ်အရွယ်ပေါ့နော်၊ ကျနော်တို့ရဲ့ သားသမီးတွေက ကလေးတွေက အဲ့ဂိမ်းမှာပဲ စွဲမယ်။ နောက်ကလေးတွေက ကျောင်းမတက်၊ ပညာမသင်ကြတဲ့အခါကျတော့ လေသွားမှာစိုးလို့ ကျောင်းထားတာပေါ့နော်။ နောက်တခုက အချို့ကျောင်းသားမိဘတွေဆိုရင်ပေါ့နော်။ ၉ တန်း၊ ၈ တန်း၊ ၁၀ တန်းတွေက ကျောင်းသားမိဘတွေဆိုရင် ကျောင်းထားသင့်တယ်လို့တော့ မြင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါးတွေက အရမ်းပေါနေတယ်။ ဒီအစိုးရထက်မှာပေါ့နော်။ စစ်တပ်အုပ်စိုးတဲ့စနစ်မှာ မူးယစ်ဆေးဝါး အရမ်းပေါနေတယ်။ အဲ့ဒါကြောင့် စိုးရိမ်လို့ ကလေးတွေကျောင်းထားတာပေါ့နော်။ မူးယစ်ဆေးဝါးက ဒီဘက်မှာဆိုရင် ကွမ်းယာဝယ်တာတောင် စောင့်နေရအုံးမယ်။ မူးယစ်ဆေးဝါးစောင့်စရာမလိုဘူး။ တထောင်တန်၊ ငါးထောင်တန် အဲ့ဒါကအစ လွယ်တယ်။ ကလေးတွေ ဒီတိုင်းကျောင်းမထားဘဲ ပစ်ထားရင် ဒီမူးယစ်ဆေးဝါးလွန်ကဲလို့ ဒီလောင်းကစားနယ်ပယ်တွေ ရောက်သွားရော။”

ဆရာ/ဆရာများ သမဂ္ဂက ပြုစုတဲ့ စာရင်းအရဆိုရင် ပညာရေးကဏ္ဍမှာ စစ်ကောင်စီအောက် အလုပ်မလုပ်လိုတဲ့ CDM ဝန်ထမ်း တသိန်းခွဲနီးပါးရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













===============

XS
SM
MD
LG