သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီဘက်ဝင်လာသူ ၁၅,၀၀၀ ဝန်းကျင်ထဲက ဓာတ်ခွဲစစ်သူ ၃,၀၀၀ နီးပါးလုံးမှာ ပိုးမတွေ့


နေရပ်ပြန်ရာက်လာသူများကို ကျန်းမာရေးစစ်ဆေးမေးမြန်းနေပုံ။ (ဓာတ်ပုံ - ဇွန် ၀၃၊ ၂၀၂၀)
နေရပ်ပြန်ရာက်လာသူများကို ကျန်းမာရေးစစ်ဆေးမေးမြန်းနေပုံ။ (ဓာတ်ပုံ - ဇွန် ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

မေလ ၂၂ ရက်နေ့ကစလို့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြဝတီကနေ နေရပ်ပြန်သူ လူ ၁၅,၀၀၀ ဝန်းကျင်ရှိသွားသလို အဲဒီအထဲ လူ ၃,၀၀၀ နီးပါးကို ကရင်ပြည်နယ် မြဝတီမြို့က COVID -19 ဓါတ်ခွဲနမူနာယူရလဒ်စစ်ဆေးတဲ့အခါ အားလုံး ရောဂါပိုးမတွေ့ဘူးဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်း COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို မေလ၂၂ ရက်ညကစပြီး နေရပ်ပြန်ခွင့်ပေးခဲ့တာပါ။ ဒီထဲမှာ မြဝတီမဲဆောက်နယ်စပ်ကနေ အများဆုံးနေရပ်ပြန်ခဲ့ကြပါတယ်။ ဒီထဲက ဇွန်လ ၂ ရက်နေ့အထိ COVID -19 ဓါတ်ခွဲနမူနာယူရလဒ်တွေ စစ်ဆေးပြီးသမျှ အားလုံး ရောဂါပိုးမတွေ့ဘူးဆိုတဲ့အကြောင်း ကရင်ပြည်နယ် မဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

"ဇွန်လ ၂ ရက်နေ့အထိစစ်ပြီးတာ ၂,၇၉၆ ဦး စစ်ပြီးပါပြီ။ မေလ ၂၃ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့ထိပေါ့။ ဇွန်လ ၃ ရက်နေ့အထိတော့ အဖြေမရသေးဘူး။ အားလုံး negative တွေပါပဲ။"

ဒါပေမဲ့ ထိုင်းပြန် မြန်မာတွေထဲက တဦးဟာ ပဲခူးတိုင်းမှာ ကိုဗစ် positive အဖြေထွက်တာတဦးရှိကြောင်းကို မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှု့မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒီလူဟာ ထိုင်းနယ်စပ်က ပြန်တာဖြစ်ပေမဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းကို တိုက်ရိုက်ပြန်သွားကြပြီးမှ စောင့်ကြည့်ရေးစင်တာမှာ နေထိုင်ရင် ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။

"တယောက်က ဒီလို ကျနော်တို့ဆီမှာ စစ်တာ မဟုတ်ဘူး။ ပဲခူးတိုင်းမှာ စောင့်ကြည့်ရေးစင်တာဝင်ရင်းနဲ့ စစ်တော့မှာတွေ့တာ တံတားကနေ ဖြတ်သန်းသွားလာခဲ့တာ မှန်တယ်။ ဒါပေမဲ့ ကျနော်တို့ စစ်တဲ့ဘက်မှာတော့ negative ပဲ။ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းရောက်တော့မှ သူတို့ စစ်တာလည်းရှိတယ်။"

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA) က အရေးပေါ်အခြေအနေပြဌာန်းပြီး ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်ခရီးသွားလာမှု ကန့်သတ်ထားချိန်မှာ ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းပြီး နေရပ်ပြန်မဲ့ မြန်မာအလုပ်သမားတွေကို မေလ ၂၂ ရက်စတင်ပြီး ဘန်ကောက်အဝေးပြေးကားဂိတ်ကနေ လုံခြုံရေးစံမံချက်တွေ လုပ်ပြီး အထူးကားတွေနဲ့ ပြေးဆွဲခဲ့ပါတယ်။ အခုဇွန်လ ၃ ရက်နေ့ကစတင်ပြီး နေရပ်ပြန်ဖို့ စာရင်းပေးသွင်းသူ လက်မှတ်ဝယ်သူအရေအတွက် တဖြည်းဖြည်းနည်းပါလာတာကြောင့် မြန်မာသံရုံးက စီစဉ်တဲ့ကားတွေကို တပတ်မှာ ၂ ရက်သာပြေးဆွဲတေ့ာမှာ ဖြစ်ကြောင်းကို မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်ထုတ်ပြန်ထားပါတယ်။

မကြာခင်မှာတော့ ခရိုင်တခုနဲ့ ဖြတ်ကျော်ခရီးသွားလာခွင့် ပိတ်ဆို့ကန့်သတ်ချက်တွေကိုလည်း ထိုင်းအစိုးရဘက်က ဖြေလျော့ပေးတော့မယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG