ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၅၀၀ ကျော်ကို အိန္ဒိယပိုင်စစ်လေယာဉ်နဲ့ မတ်လ ၁၀ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေကို မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နှစ်သုတ်ခွဲပြီး မြ၀တီကနေ မဲဆောက်၊ မဲဆောက်ကနေ အိန္ဒိယစစ်တပ်ပိုင် လေယာဉ်တွေနဲ့ အိန္ဒိယကို ပြန်ပို့ခဲ့တာပါ။ မြန်မာဘက်မှာ နယ်ခြားစောင့်တပ်က ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်ဆေးပြီးတဲ့နောက်မှာ အခုလို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားသား ၇,၀၀၀ ကျော်ကို နယ်ခြားစောင့်တပ်က ပြန်ပို့ဖို့ စီစဉ်ထားတဲ့အထဲက အိန္ဒိယနိုင်ငံသား ၅၀၀ ကျော်ကို ပြန်ပို့ခဲ့တာဖြစ်တယ်လို့ နယ်စပ်မှာနေထိုင်နေတဲ့ ဒေသခံတဦးကပြောပါတယ်။
"ကျားဖြန့်ကနေ ပြန်လွှတ်တဲ့သူတွေ အိန္ဒိယနိင်ငံသားတွေကို မနေ့ကတခေါက် ၂၈၃ ဦးကို မြန်မာနိုင်ငံ မြ၀တီကနေ ထိုင်းဘက် မဲဆောက်ကိုပို့တယ်။ မဲဆောက်ကနေ အိန္ဒိယအစိုးရအစီစဉ်နဲ့ အိန္ဒိယကိုပို့တယ်။ ဒီနေ့မှာလည်း အိန္ဒိယနိင်ငံသား ၂၆၆ ကို မြ၀တီကနေ မဲဆောက်၊ မဲဆောက်ကနေ အိန္ဒိယအထိကို သူတို့အစိုးရ အစီစဉ်နဲ့ ပို့ပေးနေတယ်။"
ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ နယ်မြေတွေဖြစ်တဲ့ ရွှေကုက္ကို၊ KK Park စတဲ့နေရာတွေမှာ ရောင်းစားခံရတဲ့သူတွေဖြစ်ပါတယ်။ မတ်လ ၁၁ရက်နေ့က နေရပ်ပြန်ပို့တဲ့အထဲမှာ မလေးရှားနိုင်ငံသား ၂၀ ကျော်လည်းပါဝင်ပြီး သူတို့ကိုတော့ ထိုင်း-မလေးနယ်စပ်ထိ ကားနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းအစိုးရဘက်က ကျားဖြန့်နှိမ်နင်းရေးအတွက် လောင်စာဆီဖြတ်တောက်မှု၊ လျှပ်စစ်မီးဖြတ်တောက်မှုတွေလုပ်ထားတဲ့ မြ၀တီမြို့မှ ာကျားဖြန့်လုပ်ငန်းတွေကတော့ ဆက်လက် လည်ပတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကတော့ ဆိုပါတယ်။
"အခု ကျနော်တို့ မြင်ရသလောက်က လူကုန်ကူးမှုတွေ၊ ကျားဖြန့်လုပ်ငန်းတွေ လုပ်နေတာတွေ့ရတယ်။ ဘယ်လိုလုပ်နေလဲဆိုတော့ လောင်စာဆီတွေလည်း မြန်မာနိုင်ငံအတွင်းပိုင်းကနေ သယ်လာပြီးလုပ်တယ်၊ ပြီးတော့ ထိုင်းဘက်ကနေလည်း မှောင်ခိုတွေကနေတဆင့် ခိုးသယ်တာတွေ လုပ်တယ်၊ သူတို့ လုပ်ငန်းတွေတော့ လည်ပတ်နေတုန်းပဲ။"
ကျားဖြန့်လုပ်ငန်းကနေ ခေါ်ထုတ်ထားတဲ့ တရုတ်၊ အိန္ဒိယလူမျိုးတွေအပါအဝင် နိုင်ငံခြားသား ၇,၀၀၀ ကျော်ရှိတယ်လို့ နယ်ခြားစောင့်တပ်က ပြောဆိုထားပြီး တရုတ်နိုင်ငံသား ၁,၄၀၀ ကျော်ကိုတော့ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၄ ရက်အတွင်း တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနဲ့ မလေးရှားနိုင်ငံသား ၂၅ ဦးကို မတ်လ ၁၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် မြ၀တီ-မယ်ထော်သလေးနယ်မြေကို ဝင်လာတဲ့ နိုင်ငံခြားသား ၂၄၇ ဦးကို စစ်ဆေး ထိန်းသိမ်းမှု ဆက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၅,၄၄၆ ဦးကို ဖော်ထုတ်ထိန်းသိမ်းခဲ့ပြီး ၂,၇၆၃ ဦးကိုတော့ ထိုင်းနိုင်ငံကတဆင့်ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် ၂,၆၈၃ ဦးကတော့ ပြန်လွှဲ ပြောင်းပေးဖို့ အဆင်သင့်ရှိနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Forum