သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကန်းညီနောင်နဲ့ လက်ခတ်တောင်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်


သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့ကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် သိမ်းပိုက်စဥ်မြင်ကွင်းယခင်မှတ်တမ်းရုပ်ပုံ။ (Photo: C J)
သင်္ဃန်းညီနောင် ရဲစခန်းနဲ့ ခမရ ၃၅၅ တို့ကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက် သိမ်းပိုက်စဥ်မြင်ကွင်းယခင်မှတ်တမ်းရုပ်ပုံ။ (Photo: C J)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ မတ်လ ၇ ရက်နေ့ကစလို့စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး သင်္ကန်းညီနောင်ပတ်ဝန်းကျင်နဲ့ လက်ခတ်တောင်ကို စစ်ကောင်စီဘက်က မတ် ၁၃ ရက်မှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါဟာ ၆ ရက်မြောက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာမတ်လ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်က သင်္ကန်းညီနောင်ပတ်ဝန်းကျင်နဲ့ လက်ခတ်တောင်ကို မတ်လ ၁၃ ရက်နေ့ နေ့လည် ၂ နာရီလောက်ကစတင်ပြီး လေကြောင်းက ဗုံးကြဲနေတယ်လို့ဒေသခံတဦးကပြောပါတယ်။

"လက်ခတ်တောင်ကို ၂ နာရီလောက်ကနေစပြီးပစ်နေတာ။ လေယာဉ်ပျံနဲ့လာပြီးကြဲနေတာ၊ တနာရီနဲ့ ၄၅ လောက်ကနေ စကြဲနေတာ။ အလုံးကြီး အသံကြီးကြားရတယ်။ ဘယ်နေရာကို လုပ်တယ်မသိဘူး။နောက်ကျတော့ လက်ခတ်တောင်ဘေးကနေ မီးခိုးတွေတက်လာတာတွေ့ရတယ်။"

မြဝတီခရိုင်အတွင်းကတိုက်ပွဲတွေကြောင့်ကော လေကြောင်းတိုက်ခိုက်တာတွေကြောင့်ပါ ဒေသခံ (၄,၀၀၀) လေးထောင်ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ စစ်ဘေးရှောင်တွေကို ထိုင်းဘက်ကလည်း အဝင်မခံတဲ့အတွက် သောင်ရင်းကမ်းစပ်တလျှောက်မှာ နေထိုင်နေကြရတာတွေလည်းရှိနေကြောင်း သူက ဆက်ပြောပြပါတယ်။

"ဒုက္ခသည် စစ်ဘေးရှောင်တွေက ပထမတော့ ဘုန်းကြီးကျောင်းတွေဘာတွေမှာ ခိုလှုံနေကြတာပေါ့။ အခုက ထိုင်းဘက်ကလည်း ဒီဘက်ကိုတက်လာလို့မရဘူး။ အပေါ်ကိုတက်လို့မရဘူး။ မြန်မာနယ်စပ်မှာပဲ ဖြစ်သလိုပဲနေရတာပေါ့။ ထိုင်းဘက်ကိုတက်လာမရတော့ မြန်မာဘက်မှာ ခြုံတွေကြား ဗုံးကြဲရ င်လွတ်နိုင်မယ့်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့နေနေကြတာပေါ့။"

သင်္ကန်းညီနောင်မှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး လူ ၂၀ ကျော် ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ကြပြီး ဒေသခံပြည်သူတွေနေထိုင်ရာ မဲကနယ်၊ ဖားကျောင်း၊ မြစန္ဒီနဲ့ အနီးနားကျေးရွာ‌တွေကလူ ၄,၀၀၀ လောက်ကမြို့ပေါ်မှာပဲ စစ်ဘေးရှောင်နေကြပါတယ်။ စစ်ဘေးရှောင် ၂,၄၀၀ ကျော်ကတော့ သောင်ရင်းမြစ်ကမ်းနားရောက်ရှိလာကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG