သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားဆန္ဒပြပွဲအတွင်း ဖမ်းခံရသူ သတင်းသမား ငါးဦး ပြန်လွတ်မြောက်


မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ စစ်အာဏာ ဆန့်ကျင် ဆန္ဒပြပွဲ။ (ဓာတ်ပုံ - THE 74 MEDIA via REUTERS - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)
မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ စစ်အာဏာ ဆန့်ကျင် ဆန္ဒပြပွဲ။ (ဓာတ်ပုံ - THE 74 MEDIA via REUTERS - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ငါး ဦးကို ဒီနေ့ပဲ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် မြစ်ကြီးနားမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတဲ့ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲကို တိုက်ရိုက်သတင်း တင်ဆင်ခဲ့ကြတဲ့ သတင်းထောက် ငါး ဦးကို တနင်္ဂနွေနေ့ညက တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒီကနေ့ မနက် ၁၀ နာရီလောက်မှာတော့ သူတို့တွေကို ခံဝန်ချက်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ထိန်းသိမ်းခံခဲ့ရတဲ့ The 74 Media က ကိုနော်ဆိုင်းက ဗွီအိုအေ ကို ပြောပါတယ်။

“မနေ့ညက ကျနော်တို့ ဖမ်းခံရတဲ့ကိစ္စက 144 ပေါ့နော်။ ကျနော်တို့ ၈ နာရီခွဲလောက်မှာ ဖမ်းခံရတာဆိုတော့ 144 ဘောင်ထဲမှာ ဝင်သွားတာဆိုတော့ နောက်ထပ် မကျူးလွန်ဖို့ရယ်၊ နောက် ကျနော်တို့ Live လွှင့်တဲ့အချိန်မှာ ကျနော်တို့ စစ်တပ်ယာဉ်တန်းနောက် နောက်ဘက်မှာကနေ ရိုက်ဖြစ်တဲ့ ရိုက်ချက်တွေပါတာပေါ့။ အဲဒါကတော့ စစ်တပ်ရဲ့ လုံခြုံရေးကို ထိပါးတာ။ သူတို့ရဲ့ စစ်အင်အားကို ဖော်ပြတယ်ဆိုတဲ့အချက်ပေါ့။ အဲဒီအချက်လေးတွေ နောက်ထပ် မလုပ်ဖို့အတွက် ခံဝန်ကတိထိုးရတယ်။”

နောက်တချက်အနေနဲ့ တိုက်ရိုက် Live တင်ဆက်မှုဟာ လူထုမငြိမ်မသက်မှုဖြစ်အောင် သွေးထိုးလှုံဆော်တဲ့သဘော သက်ရောက်တာကြောင့် နောက်နောင် ဒါမျိုးမဖြစ်စေဖို့လက်မှတ် ရေးထိုးခိုင်းရာမှာတော့ သတင်းသမားတွေက ကန့်ကွက်ပြောဆိုခဲ့တယ်လို့လည်း ကိုနော်ဆိုင်းက ပြောပါတယ်။

“နောက်တစ်ခုကတော့ ဒီ Live လွှင့်တဲ့ဟာက သတင်းတင်ဆက်တယ်ဆိုပေမဲ့ ပြည်သူတွေကို ဆူပူလာအောင် သွေးထိုးတဲ့ သဘောတရားဖြစ်ပေါ်စေတဲ့ အချက်ပေ့ါနော်။ အဲဒီအချက်လေးတွေ နောက်ထပ် မဖြစ်ပေါ်အောင်လုပ်ရမယ်ဆိုတဲ့ ခံဝန်ကတိလေးပေါ့။ ဒါပေမဲ့ ကျနော်တို့ကလည်း အဲဒါမျိုးလုပ်ဆောင်ချင်တဲ့ ဆန္ဒမရှိပါဘူးဆိုပြီး အဲဒါမျိုးကန့်ကွက်တဲ့အနေနဲ့ ပြောခဲ့ပါတယ်။”

တနင်္ဂနွေနေ့က ဖမ်းဆီးခံရတဲ့သတင်းထောက် ငါး ဦးကတော့ EPN သတင်းဌာနက ကိုရန်ကောင်း၊ ကိုဝေယံ၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 media က ထွယ်အောင်နဲ့ နော်ဆိုင်းတို့ ဖြစ်ကြပါတယ်။

သတင်းသမားထောက်တွေ လွတ်မြောက်ရေးတွေ ကြားဝင်ဆောင်ရွက်ပေးတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာကတော့ စစ်တပ်ဘက်က တောင်းဆိုတာက Live လွှင့်တင်ဆက်ချိန်မှာ ဆန္ဒပြသူတွေရဲ့ လူစုဖို့ ဆော်သြသံတွေ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ ပတ်သက်ပြီး ပြောဆိုတာတွေ ပါဝင်လာတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

“Live လွှင့်တဲ့အခါမှာ လူနည်းတော့ မြန်မြန်လာကြ လာကြဆိုတဲ့ဟာမျိုး၊ တဘက်မှာလည်း KIA က ဘာလုပ်နေလဲ၊ ကြားမှာ ဝင်ကူပေးပါလားဆိုတဲ့ဟာမျိုး၊ အဲဒါမျိုးပုံစံမျိုးဖြစ်လာတော့ ဒါ မီဒီယာရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်ဘဲနဲ့ ဖြစ်သွားလို့ရှိရင် တဘက်မှာ ပြည်သူလူထုကို ကောင်းတာ တင်ပြချင်ပေမဲ့လည်း တဘက်မှာကျတော့ လူထုကို လှုံဆော်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သက်ရောက်သွားတာပေါ့။ အဲဒါကြောင်မို့ စည်မျဉ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ ပြောလာတာတော့ ရှိတယ်။”

တပ်မတော်က ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ သုံး ရုံလောက်မှာ လုံခြုံရေးအကြောင်းပြချက်တဲ့ တပ်အင်အားချ နေရာယူတာတွေ ရှိခဲ့တာပါ။ ဒါကို ဒေသခံပြည်သူတွေက လျှပ်စစ်ဓါတ်အားဖြတ်တောက်ပြီး တစ်စုံတစ်ရာလုပ်လာမှာကို စိုးရိမ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ ဓါတ်အားပေးစက်ရုံကို ဝိုင်းဝန်းဆန္ဒပြခဲ့တာပါ။

မြစ်ကြီးနားမြို့ ရန်ကြီးအောင်နဲ့ ဝိုင်းမော်မြို့ မိုင်းနား ဓါတ်အားပေးစက်ရုံတွေမှာတော့ လူထုတောင်းဆိုချက်ကို PCG က ကြားဝင်ညှိနှိုင်းခဲ့တဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းတာရှိခဲ့ပေမဲ့ တနင်္ဂနွေနေ့ ညပိုင်း စက်မှုဇုန်ရပ်ကွက်မှာတော့ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို နှစ်ဘက် တင်းမာခဲ့တာတော့ စစ်တပ်က လူထုပြန်ရင် သူတို့ ရုပ်သိမ်းမယ်လို့ ပြောဆိုသလို လူထုဘက်ကလည်း စစ်တပ်ရုပ်သိမ်းရင် သူတို့ ပြန်မယ်ဆို တုံ့ပြန်တဲ့အပေါ် ညှိနှိုင်းမရတာကြောင့်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“မနေ့က ပုံစံမျိုးနဲ့ လူအုပ်လာပြီးတော့ ဒုံးဒုံးဒိုင်းဒိုင်းနဲ့ လုပ်ပြီးတော့မှ နည်းနည်း ကြမ်းကြမ်းတမ်းတမ်းပုံစံမျိုးနဲ့ လုပ်သွားတာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါတော့ ရေရှည်ဘယ်လောက်ကြာမှာလည်း မသိဘူးပေါ့ဗျာ။ အဲဒါကြောင့်မို့ လူထုကလည်းပဲ စည်းကမ်းရှိရှိနဲ့ မကြိုက်တဲ့ဟာကို လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်တဲ့နေရာမှာ စနစ်တကျလုပ်သွားရင်တော့ ပိုပြီး ကောင်းတာပေါ့ဗျာ။ ထိပ်တိုက်ရင်ဆိုင်ပြီး ဖြစ်သွားတာမျိုးတော့ မကောင်းဘူးပေါ့ဗျာ။ ဒါက တဘက်မှာ သူများအမှား ကိုယ့်အမှားပုံစံမျိုးနဲ့ ဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် သူဟာနဲ့သူ စည်းစနစ်ကျကျနဲ့ သိက္ခာရှိရှိနဲ့ အဆင့်ရှိရှိနဲ့ လုပ်သွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကြမ်းကြမ်းတမ်းတမ်းနဲ့ လုပ်ဆောင်တာမျိုးတော့ ရှောင်ရှားရင်တော့ ပိုပြီး ကောင်းလိမ့်မယ်လို့ ကျနော်တော့ ဒီလိုပဲ အကြံပြုချင်တယ်ဗျ။”

တပ်မတော်အနေနဲ့လည်း ပြည်သူလူထုကို မထိခိုက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်ဖို့ကိုလည်း ဦးလမိုင်ဂွမ်ဂျာက တိုက်တွန်းပါတယ်။

ဒီကနေ့မှာတော့ မြစ်ကြီးနားမြို့က ပြည်သူတွေဟာ မနက် ၉ နာရီကနေ မြို့ပတ်လှည့်လည်ဆန္ဒပြပြီး နေ့ခင်း ၁၂ နာရီမှာ အေးအေးချမ်းချမ်းနဲ့ ရုပ်သိမ်းခဲ့ကြပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးတွေက သံအမတ်ကြီးတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ မနေ့တုန်းကပဲ ပူးတွဲ ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG