သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုတ်ကွေးရောဂါတမျိုးကြောင့် နာဂဒေသ ကလေး ၇ ဦး သေဆုံး


နာဂဒေသ
နာဂဒေသ

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂဒေသ၊နန်းယွန်းမြို့နယ်၊ရှန်ဟဲနုတ်ညိုအုပ်စု၊ရှန်ဟဲပေါ်ကွန်ကျေးရွာတွေမှာကလေးများ ဖျားနာပြီး မှာ သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၈ရက်နေ့ထိ ၂ပတ်အတွင်း အသက် ၁၀နှစ်အောက် ကလေးငယ် ၇ ဦးသေဆုံးခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း၊ နာဂဒေသ နန်းယွန်မြို့နယ်အတွင်း ကလေးလူကြီး တွေအတော်များများ ဖျားနာနေကြပြီး အဲဒီ ထဲက အသက် ၁၀နှစ်အောက်ကလေး တွေ ဟာ ဖျားနာပြီး သေဆုံးတာ ၇ ဦးရှိပြီ ဖြစ်တဲ့အကြောင်းနန်းယွန် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပြပါတယ်။

"ကျနော်တို့ သိရတဲ့ စာရင်းအရအားလုံးစုစုပေါင်း ၇ ယောက်ပေါ့ ။ ၇ ယောက်ထဲမှာ ၁၀နှစ်အောက်ကလေးတွေ များတယ်။ ဖျားတဲ့ကလေးတွေရဲ့လက္ခဏာကတော့ ကျနော်ကိုယ်တိုင်မေးကြည့်တယ်။ ပထမဆုံးကိုယ်တွေပူလာတယ် ပြီးတော့ ရက်မခြားပဲနဲ့ နာရီပိုင်းအတွင်းကိုယ်တွေပူလာပြီး နှာခေါင်း ကနေ သွေးယိုလာတယ်။ တကိုယ်လုံးကိုက်ခဲ့ပြီးတော့ အဲဒီလိုမျိုးဖျားတယ်။ ချောင်းဆိုးတယ် အသက်ရှူကျပ်လာတယ်။ အဲဒီလိုမျိုးခံစားရတယ်လို့ကျနော်တို့ကိုပြောပြပါတယ်။ အခုဆုံးသွားတဲ့ကလေးတွေ အတော်များများကတော့ ဒီလသာ နှစ်သား တွေဖြစ်တော့ အသက်ရှူလမ်းကြောင်းထဲမှာ အသက်ရှူမဝတော့တဲ့အခါမှာ သေဆုံးသွားတဲ့ကလေးတွေရဲ့ မိဘတွေကပြောပြပါတယ်။"

ကျေးရွာမှာတော့ ဆေးပေးခန်းလေးတွေရှိပေမယ့် ဆေးဝါးမလုံလောက်တဲ့အကြောင်းကိုလည်းပြောပြပါတယ်။

"မနေ့က အတော်လေးဖြစ်တဲ့ ရှန်ဟဲနုတ်ညိုအုပ်စု၊ရှန်ဟဲပေါ်ကွန်ကျေး ရွာကိုရောက်ပါတယ်။ ကျနော်တို့သွားကြည့်တဲ့အချိန်မှာ အိမ်တိုင်းမှာ တအိမ်မှာကျန်းမာတာတယောက် ၂ယောက်ပဲ တွေ့ရတယ် ။ အားလုံးက တော်တော်များများက တအိမ်လုံးမှာတဝက်လောက်က ဖျားနေတယ်။ သွားနိုင်လာနိုင်တဲ့ လမ်းလျောက်နိုင်တဲ့သူက ရွာကဖွင့်ထားတဲ့ဆေးခန်းကိုလာတယ် ။ ဆေးခန်းကို မလာနိုင်တဲ့သူတွေကိုတော့ဆေးခန်းက အိမ်ထိသွားကုပေးရတာရှိတယ် ။"

ပြီးခဲ့တဲ့ ၁၀ရက်ကျော်က ကလေးတွေသေဆုံးမူတွေဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေက ဖျားနားသူတွေကို သွေးဖောက်ပြီး နေပြည်တော်မှာဓါတ်ခွဲခန်းမှာ စစ်ထားပေမဲ့ သွေး အခြေအနေတွေကိုတော့မသိရသေးဘူးလိုဆိုပါတယ်။ ဒါပေမဲ့ နှစ်တိုင်းကလေးတွေသေဆုံးမူတွေဖြစ်နေပေမဲ့ သူတို့နာဂဒေသကကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မူအတွက် ကြိုတင်ကာကွယ်မူတွေ လုပ်တာမရှိဘူးလို့ လည်းသူကဆိုပါတယ်။

" နှစ်တိုင်းနှစ်တိုင်း ဒီလိုရာသီချိန်ခါမှာဖြစ်တယ်ဗျ ။ ရာသီအလိုက်ဖြစ်တဲ့တုတ်ကွေးလို့ပဲ သူတို့အရင်နှစ်ကလည်း ပြောတယ်ဗျ ။ အရင်နှစ်တွေက တံဂါးကျေးရွာမှာလည်းကလေး သုံးလေးယောက်လောက် သေသွားတယ်။ ကျနော့်မြို့နယ်ဘက်မှတော့ မြင်တွေ့ရသလောက်ဆိုရင် ကြိုတင်ကာကွယ်မူတွေ လုပ်တာတော့မတွေ့ရဘူး။ မြင်တွေ့ရတာ မရှိတဲ့အတွက် မရှိဘူးလို့ပဲကျနော်ပြောရမှာဖြစ်ပါတယ်။ "

ရောဂါလက္ခဏာ တွေကတော့ ကိုယ်ပူ၊ချောင်းဆိုး၊ နှာခေါင်းသွေးယို၊အသက်ရှူကျပ်ခြင်းဝေဒနာခံစားနေကြရသလို တချို့ကတော့ဝမ်းပျက်၊ ဝမ်းလျောတာတွေလည်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ဖျားနာသူတွေကတော့ ကလေးတွေသာမက လူကြီးတွေကောအရွယ် အိမ်တိုင်စေ့နီးပါးဖျားနာနေကြတယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ နန်းယွန်ဆေးရုံးက ကျန်းမာရေးဝန်ထမ်းတွေ လာရောက်ဖို့အတွက်အကူညီတောင်းခဲ့သလို လိုအပ်တဲ့ဆေးဝါး မပြည့်စုံမူတွေတော့ ရှိနေသေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG