သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံအကြို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေး ပြင်ဆင်


မကြာခင် ဒုတိယအကျော့ ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ တင်ပြဆွေးနွေးဖို့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုင်ငံအဝှမ်းကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားဖို့ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။

ငြိမ်းချမ်းရေးညီလာခံကို ဒီလကုန်ကျင်းပဖို့ လျာထားပေမယ့်၊ ဒီ ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့အတွက် ဒီညီလာခံကို ရက်ရွေ့ထားတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကျင်းပနိုင်ဖို့ လျာထားပေမယ့်၊ နေရာအားလုံးမှာတော့ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ စီစဉ်ဆောင်ရွက်သူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွမ်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

ချင်းပြည်နယ်မှာ အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အမျိူးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို အစိုးရအဖွဲ့ ချင်းအမျိုးသားတပ်ဦးCNF နိုင်ငံရေးပါတီတဖွဲ့(၃)ဦးစီ စုစုပေါင်း(၉)ဦးနဲ့ ဖွဲ့စည်း လိုက်ပြီးဖြစ်ပါတယ်။

ကြီးကြပ်ရေးကော်မီတီကို UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မီတီလမ်းညွှန်ချက်အရ ဒီရက်ပိုင်းမှာဖွဲ့စည်းတာဖြစ်ပြီး ကော်မီတီရဲ့လုပ်ငန်းတာဝန်နဲ့ပက်သက်လို့ အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်တဦးဖြစ်သူ CNFရဲ့ တွဲဖက်အတွင်းရေးမှူး(၃) ဆလိုင်းထက်နီကအခုလိုပြောပါတယ်။

“ကြီးကြပ်မူကော်မီတီကတော့ National Dialogue ဖြစ်ဖို့အတွက် ဆိုပြီးတော့ အကောင်အထည်ဖော်မှုကို ကျနော်တို့ ကြီးကြပ်ပေးရမယ်။ ဥပမာ သူတို့မှာ ဘာအခက်အခဲတွေရှိသလဲ ဘာတွေ ပံ့ပိုးပေးရမလဲ ဆိုတာပေါ့ သူတို့လုပ်ငန်းအဆင်ပြေချောမွေ့စေဖို့အတွက် အဲဒီ ကြီးကြပ်မူကော်မတီကတော့ အဲဒီတာဝန်ပါပဲ။”

လာမယ့် အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာဆိုရင် နိုင်ငံရေးကဏ္ဍ ဖက်ဒရယ် ဖွဲ့စည်းပုံဆိုင်ရာအကြောင်းကို အဓိ ကဆွေးနွေးသွားမယ်လို့ CNFရဲ့ တွဲဖက်အတွင်းရေးမှူး (၃) ဆလိုင်းထက်နီက အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ထဲက ဆွေးနွေးရမယ် ကဏ္ဍ ၅ ခုထဲက နိုင်ငံရေးကဏ္ဍကို ဆွေးနွေးသွားမှာဖြစ်တယ်။ နိုင်ငံရေးကဏ္ဍမှာမှ ဖက်ဒရယ် ဖွဲ့စည်းပုံဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ဖက်ဒရယ်အခြေခံမူ ကို ဆွေးနွေးသွားမှာ ဖြစ်တယ်။”

ချင်းပြည်နယ် အမျိူသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီရဲ့ အစည်းအဝေးကိုတော့ ဒီရက်ပိုင်းအတွင်း မှာ ကျင်းပသွားမယ်လို့ကော်မီတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းကပြောပါတယ်။

ချင်းပြည်နယ် အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေကတော့ တပ်မတော် အစိုးရအစုအဖွဲ့ကဒေါက်တာလှအောင် ဗိုလ်မှူးကြီးသန်းနိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း ၊ ချင်း အမျိူးသားတပ်ဦး CNFက ဆလိုင်းတလာဟေး၊ ဆလိုင်းထက်နီ၊ ပူးရာနင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့က ဦးဇိုဘွေ့၊ ဒေါက်တာမှုထန်၊ ဦးခန့်ဘွန်းတို့ပါဝင်ပါတယ်။

ချင်းပြည်နယ်အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ချင်းကိုယ်စားလှယ်တော် (၅၀၀)ဦးနဲ့ ဖေဖော်ဝါရီလ (၂၇)မှ မတ်လ(၁)ရက်နေ့အထိ ထန်တလန် မြို့မှာ(၃)ရက်ကြာကျင်းပသွားမယ်လို့ ချင်းအမျိူးးသားနိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ(Chin National Dialogue Joint Committee)က ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကနေထွက်ရှိလာမဲ့ ချင်းလူမျိူးတွေ ရဲ့သဘောထား စုစည်းမှုတွေကို သက်ဆိုင် ရာလုပ်ငန်းကော်မတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတို့ကနေတဆင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ- (၂၁) ရာစုပင်လုံညီလာခံမှာ ပြန်လည်တင်သွင်းသွားမှာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်ရရှိပြီးဆိုပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာကျင်းပခွင့် ရရှိဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီALPအဖွဲ့ခေါင်းဆောင်တွေကနေ ကြိုးပမ်းနေဆဲဖြစ် ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအကြိုပြင်ဆင်ပြီးဖြစ်လို့ ကျင်းပခွင့်ရရှိဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မီတီUPDJCခကို ဒီကနေ့မှာ တောင်းဆိုစာရေးသား ပေးပို့ခဲ့တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မိတီဝင် ဒေါ်စောမြရာဇာလင်းကပြောပါတယ်။

“ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ တရပ်ကို ၂၁ ဦးပါဝင်ပြီးတော့ ကျမတို့ ဖွဲ့စည်းလိုက်နိုင်ပါပြီ၊ ကျမတို့က စစ်တွေခရိုင်မှာ လူထုရှင်းလင်းပွဲကို ၂၁ ရက်နေ့က ကျမတို့ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ နောက်ထပ်လုပ်ဖို့အတွက်ကိုလည်း မောင်တောခရိုင် ၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်၊ သဲတွဲနဲ့ ရန်ကုန်မြို့မှာလုပ်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ အခုဒီနေ့ ဆိုရင် ကျမတို့က UPDJC အတွင်းရေးမှူးအဖွဲ့ကို ကျမတို့ စာပို့လိုက်ပြီဖြစ်ပါတယ်။ ရခိုင်တွေအားလုံးဟာ အဆင်သင့်ဖြစ်နေပါပြီ အဲဒါကို အစိုးရကနေပြီးတော့မှ အတတ်နိုင်ဆုံး၊ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် UPDJC အတွင်းရေးမှူးအဖွဲ့အနေနဲ့ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ဖို့အတွက် စာပို့လိုက်ပြီဖြစ်ပါတယ်။”

လာမယ့်မတ်လမှာ ၂၁ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီညီလာခံ မတိုင်ခင် တိုင်းနဲ့ပြည်နယ် အလိုက်အမျိုူသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့လျာထားပေမဲ့ လက်တွေ့မှာ(၇) နေရာလောက်ပဲ ကျင်းပနိုင်ဦးမယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မီတီUPDJCရဲ့ ဒုတိယဥက္ကဌ ဦးသုဝေကပြောပါတယ်။

“ကျနော်တို့ကတော့ ပထမတုန်းကမျှော်မှန်းတာကတော့ တိုင်းနဲ့ပြည်နယ်တွေအကုန်လုံး လုပ်နိုင်ဖို့မျှော်မှန်းတာ ဒါပေမယ့် ပြည်ဆင်လို့မပြီးသေးတော့ ၆ဒေသ ၇ ဒေသလောက်ပဲ ပြီးနိုင်မယ်ထင်တယ် ။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေကတော့ နောက် ၆ လကြာတဲ့အခါ ကျင်းပမယ့် ပြည်ထောင်စုညီလာခံကြီးမှာပဲ ပါဝင်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

လက်ရှိမှာ ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာကျင်းပပြီးစီးခဲ့ပြီး ပဲခူးတိုင်း နေပြည်တော် တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSSဒေသနဲ့ ချင်းပြည်နယ်မှာကျင်းပဖို့ ပြင်ဆင်နေဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG