သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်နိုင်ငံကို NATO အဖွဲ့ဝင် အဖြစ် အင်္ဂါနေ့မှာ လက်ခံမယ် 


Belgium NATO Finland
Belgium NATO Finland

{{Zawgyi/Unicode}}

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တာအပေါ်တုံ့ပြန်တဲ့အနေနဲ့ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်တဲ့ (NATO) အဖွဲ့ဝင် ဖြစ်ရေး အဆိုပြုခဲ့တဲ့ဖင်လန်နိုင်ငံဟာ လာမယ့်အင်္ဂါနေ့မှာ ၃၁ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် တရားဝင်ဖြစ်လာပါတော့မယ်။ ဖင်လန်နဲ့အတူ နောက်ထပ် အဆိုတင်သွင်းထားတဲ့ ဆွီဒင်နိုင်ငံဟာလည်း မကြာမီ အဖွဲ့ဝင်ဖြစ်ဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် ယန်း စတောလ် တွန်းဘာ့ဂ်က တနင်္လာနေ့က ပြောလိုက်ပါတယ်။

အဖွဲ့ဝင်အသစ်လက်ခံဖို့က အဖွဲ့ဝင်နိုင်ငံအားလုံးတညီတညွတ်တည်း သဘောတူဖို့ လိုပြီး လက်ရှိမှာတော့ တူရကီက ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်ထားပါတယ်။ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့အဖွဲ့တွေကို ဆွီဒင်အစိုးရက သဘောထားပျော့ပြောင်းလွန်းတယ်ဆိုပြီး တူရကီကစိုးရိမ်နေတာပါ။ ဒီ့အတွက်လည်း ဆွီဒင်အနေနဲ့ တူရကီနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ စတောလ် တွန်းဘာ့ဂ်က ဆိုပါတယ်။

တခါ ရုရှားရဲ့ယူကရိန်း ကျူးကျော်စစ်ပွဲ နောက်ဆုံးအခြေအနေကတော့ နှစ်ဘက် တပ်တွေ လပေါင်းများစွာတိုက်ပွဲတွေပြင်းထန်နေတဲ့ ယူကရိန်းအရှေ့ပိုင်းက ဘက်မုမြို့ က အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံတွေကိုသိမ်းယူပြီး ရုရှားအလံလွှင့်ထူလိုက်ပြီလို့ ရုရှားအရံတပ် ဝဂ္ဂနာအဖွဲ့အကြီးအကဲက တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။

ဒါပေမယ့် ယူကရိန်းဘက်ကတော့ ဘက်မုကို ရုရှားဘက်က အပြင်းအထန် တိုက်နေပေမယ့် သတ္တိရှိရှိနဲ့ပြန်လည်တွန်းလှန်နေပြီး မြို့ကို ဆက်လက်ထိန်းသိမ်းထားဆဲလို့ ဆိုပါတယ်။ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကလည်း ဘက်မုမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

တခါ ယူကရိန်းအရှေ့ပိုင်း၊ ကိုစတန်းနိဗ်ကာ (Kostiantynivka) မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ရုရှားဘက်ကပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တပြိင်တည်းမှာပဲ ခရိုင်းမီးယားဒေသကို ပြန်လည်သိမ်းယူပြီး လုပ်ဆောင်မယ့် အချက်တွေကို ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ခရိုင်းမီးယားကို ရုရှားဘက်က ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပေမယ့် ကမ္ဘာ့နိုင်ငံအများစုကတော့ ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်မပြုပါဘူး။

ဒီ ပင်လယ်နက်ကျွန်းဆွယ်ဒေသဟာ လက်ရှိ ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရာမှာ အဓိက နေရာကပါနေပါတယ်။ ရုရှားအစိုးရက ခရိုင်းမီးယားကို ရုရှားပိုင်အဖြစ် သတ်မှတ်ဖို့အပြင် အခု ယူကရိန်းကျူးကျော်စစ်အတွင်း သိမ်းပိုက်ထားတဲ့ဒေသတွေကို အသိအမှတ်ပြုပေးရေး တောင်းဆိုထားတာပါ။ ဒါပေမယ့် ယူကရိန်းဘက်ကတော့ ခရိုင်းမီးယားအပါအဝင် ရုရှားဘက်က သိမ်းပိုက်ထားတဲ့နယ်မြေအားလုံးကနေ ရုရှားတပ်တွေထွက်ခွာပေးမှသာ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။

အခုလို စစ်ရေးပြင်းထန်နေချိန်မှာပဲ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပိုလန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ပိုလန်သမ္မတ အန်ဇေဒူဒါနဲ့ ဆွေးနွေးဖို့ရှိသလို အဲဒီမှာ ခိုလှုံနေတဲ့ယူကရိန်းနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}










XS
SM
MD
LG