သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ တရားမဝင်မြန်မာ ၁၀၀၀ နီးပါးဖမ်းခံရ


မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေသည့် ဓါတ်ပုံ
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေသည့် ဓါတ်ပုံ

မလေးရှားနိုင်ငံ (Selangor) ဆလန်ဂေါပြည်နယ်မှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံတွေ နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရတာ ၃- ၄ ရက်အတွင်း ၁၀၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်နေသူတွေက VOA ကို ပြောပါတယ်။ အဖမ်းအဆီးများနေတဲ့အတွက် မလိုအပ်ရင် အပြင်မထွက်ကြဖို့လည်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတွေက အကြံပြုနေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီးတင်ပြထားပါတယ်။

မလေးရှားနိုင်ငံ (Selangor) ဆလန်ဂေါပြည်နယ်က လုပ်ငန်းခွင်တွေကို လူဝင်မှုကြီးကြပ်ရေးဌာနက ပြီးခဲ့တဲ့ သောကြာနေ့က စလို့ ဝင်ရောက်စစ်ဆေးခဲ့တာမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ဝန်းကျင်လောက် တပတ်အတွင်းမှာ ထိန်းသိမ်းခံထားရကြောင်း မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်က ဈေးဆိုင်တွေအများကြီးရှိတဲ့ The Meru Market Complex နေရာကို ဝင်ရောက်ရှာဖွေခဲ့တာမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းမိတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ချုပ် Jafri Embok Taha ရဲ့အပြောကို မလေးရှားသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း’ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေကို နေ့စဉ်လို့ ဝင်ရောက်စီးနင်းရှာဖွေနေတာမှာ တရက်ကို ရာဂဏန်းလောက် ဖမ်းခံနေရကြောင်း မြန်မာအဖွဲ့အစည်းတွေက VOA ကို ပြောပါတယ်။ တရားမဝင် နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာတွေအတွက် အင်မတန် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ မလေးရှား မြန်မာအလုပ်သမားများ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအေးလှိုင်က VOA ကို ပြောပါတယ်။

"တနေရာဖမ်းရင် ရာဂဏန်း၊ ထောင်ဂဏန်းနီးလာပြီ အခုဆိုရင် ၃၀၀၊ အခုဆိုရင် ၅၀၀ တဖြည်းဖြည်းနဲ့ အရေအတွက်တွေတက်လာတယ်။ အဲဒီတော့ တနေရာထဲမှာ မြန်မာဦးရေ အဲလောက်အများကြီး အဖမ်းခံနေရတဲ့ ကိစ္စတွေကတော့ တအား စိုးရိမ်စရာကောင်းတယ်။ အလုပ်လုပ်ရင် သတိနဲ့လုပ်ကြဖို့၊ အကြောင်းကိစ္စ မရှိဘဲနဲ့ အပြင်ကို သွားသွားလာလာ မလုပ်ကြဖို့ အထူးသတိပေးချင်တယ် ပေါ့နော်။ သူတို့က အခုဖမ်းခံရတဲ့သူတွေကို တရားရုံးတင်တဲ့ အဆင့်တို့၊ ထောင်ချတဲ့အဆင့်တို့ မရှိသလောက်ဖြစ်သွားပြီ။ ဖမ်းခံရရင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေကိုတန်းပို့တယ်။ အဲဒီကနေ လေယာဉ်လက်မှတ်ဝယ်ပြီး မြန်မာနိုင်ငံတန်းပို့တယ်၊ အခုအခြေအနေအရ။"

မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီက စစ်သားစုဆောင်းမှုတွေ တိုးလုပ်နေချိန် မလေးရှားကနေ တိုက်ရိုက်ပြန်ပို့ခံရတဲ့ မြန်မာတွေ စစ်သားစုဆောင်းခံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။ မလေးရှားအစိုးရက တဖက်မှာ ဖမ်းဆီးနေသလို၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR ကလည်း အထောက်အထားမဲ့တွေကို အကာအကွယ်ပေးဖို့ လုပ်နေပါတယ်။ ၂၀၁၉ ကနေ ၂၀၂၂ အတွင်းမှာ ဒုက္ခသည် လျှောက်ထားသူတွေအနေနဲ့ UNHCR ကို ဆက်သွယ်ကြဖို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက တိုက်တွန်းနေပါတယ်။ UNHCR ကို ဖုန်းခေါ်လို့မရရင် နီးစပ်ရာ မြန်မာအဖွဲ့အစည်းတွေကတဆင့် ဆက်သွယ်ဆောင်ရွက်ကြဖို့လည်း အကြံပြုနေပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေသည့် ဓါတ်ပုံ
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေသည့် ဓါတ်ပုံ

ဂျိုဟိုးပြည်နယ်နဲ့ ဆလန်ဂေါပြည်နယ်က စက်ရုံ ၁၂ ခုကို ရဲတပ်ဖွဲ့က တနင်္လာနေ့က ဝင်ရောက်၊ ရှာဖွေခဲ့လို့ အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အများအပြား ထွက်ပြေးခဲ့ရပါတယ်။ မလေးရှား သတင်းတွေမှာတော့ ဒီစီမံချက်အတွင်း နိုင်ငံခြားသား ၄၃၀ လောက်ကို ဖမ်းဆီးမိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ စားသောက်ဆိုင်၊ စျေးဆိုင်တွေရဲ့ အနောက်ဘက်အထိ ဝင်ပြီး ရှာဖွေ ဖမ်းဆီးနေတဲ့ အခြေအနေ ဖြစ်နေတာပါ။ မြန်မာအလုပ်သမားများ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအေးလှိုင်က ဆက်ပြောပါတယ်။

"အရင်ကတော့ ဆိုင်နဲ့ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် စစ်ဆေးတာမျိုးကို စည်ပင်သာယာရေးက လုပ်ပိုင်ခွင့်ရှိပါတယ်။ အရင်တုန်းကလည်း စစ်နေကြပေါ့နော်။ ကျန်းမာရေးထောက်ခံချက် အပြည့်အဝမရဘဲ ဆိုင်ဖွင့်တာတွေကို စစ်တဲ့အပိုင်းတွေ ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဲဒီဝန်ထမ်းတွေက လူတွေကိုပါ စစ်လို့ရတဲ့ အခွင့်အာဏာမျိုး ရှိနေတာ ကျနော်တို့တွေ့ရတယ်။ သူတို့ဆိုင်ကိုဝင်လာပြီဆိုရင် အဖွဲ့ပေါင်းစုံ ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်။ ရဲတို့၊ လဝကတို့။ အဲဒါကြောင့်မို့ တရားမဝင်ဖွင့်ထားတဲ့ဆိုင် ဖြစ်နေတယ်ဆိုရင် ဆိုင်ရှင်ကအစ အရေးယူခံရတယ်။ အဖွဲ့တွေ ပူးပေါင်းပါဝင်လာတာဖြစ်လို့ ဖမ်းဆီးထိန်းသိမ်းခံရနိုင်တဲ့ အန္တရာယ်မျိုးကို အချိန်မရွေး ကြုံနေရတာပေါ့နော်။"

UNHCR က မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အချက်အလက်အရဆိုရင် မလေးရှားမှာ လူပေါင်း ၁၉၂,၀၀၀ ကျော်လောက်က ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပါတယ်။ အဲဒီအထဲမှာ ၁၇၀,၀၀၀ ကျော်က မြန်မာနိုင်ငံက ရောက်လာတာလို့ ရေးသားထားပါတယ်။ ပြီးတော့ ဒီပမာဏရဲ့ ၆၀ရာခိုင်နှုန်းကျော်က ရိုဟင်ဂျာလူမျိုးတွေလို့ ပြောပါတယ်။ နောက်ထပ်အများဆုံးက ချင်းလူမျိုးဖြစ်ပြီး၊ ကျန်တာကတော့ မြန်မာနိုင်ငံအနှံ့က ရောက်လာကြတာလိုံ့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG