သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီ စခန်း ၆၀ နီးပါးသိမ်းပိုက်ခံရ (MNDAA ပြောခွင့်ရ)


တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းသိမ်းဆည်းရမိတဲ့လက်နက်များ
တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းသိမ်းဆည်းရမိတဲ့လက်နက်များ

ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဆင်ရေးကာလ ၃ရက်အတွင်းမှာ စစ်စခန်း ၆၀နီးပါး သိမ်းဆည်းခဲ့ကြောင်း MNDAA ကိုးကန့်တပ်က ပြောပါတယ်။ TNLA တအာင်းတပ်တွေကတော့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ် တွေအတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေပြီး သိန္နီမြို့ကို ထိန်းချုပ်ထားသလို လားရှိုး- မန္တလေးလမ်း ကိုလည်းဖြတ်တောက် ထားပါတယ်။ ဒီကနေ့ ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုရန်နိုင်ကပြောပြမှာပါ။

ကိုးကန့် ( MNTJP/ MNDAA)၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ (အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့) စစ်ဆင်ရေး ၃ရက် မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိနေပါတယ်။

အဓိကက ကိုးကန့်ဒေသမှာ ပြင်းထန်နေပြီး လေကြောင်းက တိုက်ခိုက်မှုမှာ ကျေးရွာနှစ်ရွာပျက်စီးခဲ့ရ ကြောင်းနဲ့ ၃ရက်အတွင်း စခန်း ၅၇ ခု သိမ်းဆည်းနိုင်ခဲ့ကြောင်း MNDAA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက VOA ကို ပြောပါတယ်။

“ တိုက်ပွဲအခြေအနေကတော့ ဆက်လက်ပြင်းထန်နေဆဲပါပဲ။ ဒီ လားရှိုး၊ သိန္နီ၊ မုန်းကိုး၊ ချင်းရွှေဟော် ဒီကိုးကန့်ဘက်မှာပေါ့နော်။ ဆက်တိုက် တိုက်ပွဲတွေကတော့ ဖြစ်နေဆဲပါပဲ။ စစ်ကောင်စီက ချင်းရွှေဟော် ဒေသမှာရှိတဲ့ရွာ ၂ရွာကိုတော့ လာပြီး ဗုံးကြဲဖျက်ဆီး ခဲ့ပါတယ်။ အရပ်သားနေအိမ်အတော်များများ ပျက်ဆီးပြီးတော့မှ ကံကောင်းစွာနဲ့ ပြည်သူလူထုတော့ ထိခိုက်မှုမရှိဘူး။ ၃ရက်တာ တိုက်ပွဲအချုပ်အနေနဲ့ စခန်းစုစုပေါင်း ၅၇ခုကို သိမ်းဆည်းရမိပါတယ်။”

ဒီရွာ ၂ရွာဟာ ချင်းရွှေဟော်ဒေသရှိ ညိုဖင်ကျီပရွာနဲ့ မာလီဖင်ရွာတို့ ဖြစ်ပြီး ဒီကနေ့ မှာတော့ စစ်ကောင်စီ တပ်စခန်း ၁၁ခုကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရ MNDAA က ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားဆဲဖြစ်သလို လောက်ကိုင်မြို့ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။

TNLA နဲ့ Mdy PDF ပူးပေါင်းတပ်ဖွဲ့တွေကတော့ ဒီကနေ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ အခြေစိုက်စစ်ကောင်စီတပ်စခန်း ကိုတိုက်ခိုက်သိမ်းယူခဲ့ကြောင်း နဲ့ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ဖုန်းခေါ်ဆိုရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး ။


နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်အနီးရှိကျေးရွာတွေက လူ ၃၀၀လောက်ဟာ နောင်ပိန်ရွာ အောင်ဓမ္မာရုံမှာ ခိုလှုံနေရကြောင်း ကျောက်မဲဒေသခံတဦးက ပြောပါတယ်။

“ကျောင်းကုန်းတို့ ၊ ခဲလုံတို့၊ နောင်ပစ်တို့ အဲဒီရွာတွေရှိတယ်။ အဲဒီရွာလူတွေလည်း မနေ့တည်းက ရွှေ့ထား တယ်။ နောင်ပိန်ရွာထဲကိုလေ အကုန်လုံးရွှေ့ထားတယ်။ နောင်ပိန်ရွာအတွင်းထဲမှာ အောင်ဓမ္မာရုံ ဆိုတာ ရှိတယ်။ အဲဒီဓမ္မာရုံမှာ လူ ၃၀၀လောက်ရှိတယ်။ ၃၀၀ကျော်မယ်ထင်တယ် အခု ထပ်ထပ်လာတော့လေ။”

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ကျောက်မဲမြို့နယ်၊ နောင်ပိန်အနီး ဇီးပင်ကြီးမှာ ပိတ်ဆို့လိုက်တာကြောင့် မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းမှာ ကားအသွားအလာတွေရပ်ဆိုင်းသွားကြောင်း သူကဆက်ပြော ပါတယ်။
တချိန်တည်းမှာပဲ သိန္နီမြို့ကို TNLA နဲ့ မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကစ) ၁၆ ဘက်မှာတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားသလို လက်နက်ကြီးနဲ့ အပြန်အ လှန် ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေပါတယ်။
ဒီလိုပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် သိန္နီမြို့ ပေါ်ရှိ ရပ်ကွက် ၄ရပ်ကွက်က ပြည်သူတွေဟာ ဘုန်းကြီးကျောင်း တွေမှာ သွားရောက်ခိုလှုံနေကြပါတယ်။

လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းယော်တိုက်နယ်အုပ်စုဘက်က စစ်ရှောင် ၂၀၀၀ လောက် လာရောက်ခိုလှုံနေကြသလို လားရှိုးမြို့အစပ်မှာလည်း ပစ်ခတ်တိုက်ခိုက်တာ တွေ ရှိနေပါတယ်။


ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်လိုက်ပြီးတဲ့နောက်မှာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ သိန္နီ၊ နမ့်ခမ်း စတဲ့ မြို့တွေမှာ တယ်လီဖုန်း အဆက်အသွယ်တွေ ပြတ်တောက်နေခဲ့သလို လားရှိုး - မူဆယ်နဲ့ လားရှိုး - လောက်ကိုင်လမ်းဟာလည်း အသွားအလာတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ၂၇ရက်နေ့က သတင်းထုတ်ပြန်တာရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ထပ်မံ ထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG