နယူးဇီလန်နိုင်ငံ၊ Christchurch မြို့က မွတ်ဆလင်ဗလီ၂ ခုမှာ မတ်လက သေနတ်နဲ့ ဝင်ပစ်ခဲ့မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုယ့်ကိုယ်ကို လူဖြူကြီးစိုးရေးဝါဒီအဖြစ် ကြေညာထားသူကို နယူးဇီလန် အာဏာပိုင်တွေက အကြမ်းဖက်ဝါဒစွဲလုပ်ရပ် ကျူးလွန်မှုနဲ့ စွဲချက်တင် လိုက်ပါပြီ။ အဲဒီပစ်ခတ်မှုတွေကြောင့် လူပေါင်း ၅၁ ယောက် သေဆုံးခဲ့ရတာပါ။
သြစတြေးလျနိုင်ငံသား Brenton Tarrant အပေါ် ဒီကနေ့ တရားစွဲတင်ချက်တခုဟာ ၂၀၀၂ ခုနှစ်က နယူးဇီလန်မှာ ပြဌာန်းခဲ့တဲ့ အကြမ်းဖက်ဝါဒနှိမ်နင်းရေး ဥပဒေအရ ပထမဆုံး တရားစွဲဆိုမှုဖြစ်ပါတယ်။ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီတို့မှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလာ ၉ ရက်နေ့က အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နယူးဇီလန်မှာ အဲဒီဥပဒေကို ပြဌာန်းခဲ့တာပါ။
နောက်ထပ်စွဲချက်တွေကတော့ ဒီလအစောပိုင်းက ဝတ်ပြုသူတဦး ဆေးရုံမှာ သေဆုံးသွားတဲ့အတွက် လူသတ်မှုတခုအပြင် လူသတ်ဖို့ကြိုးစားမှုဆိုင်ရာ နောက်ထပ် စွဲချက်နှစ်ခုလည်း ပါဝင်ပါတယ်။
al-Noor နဲ့ Linwood ဗလီနှစ်ခုမှာ မတ်လ ၁၅ ရက်နေ့က သေနတ်နဲ့ဝင်ပစ်တဲ့အချိန် အသက် ၂၈ နှစ်အရွယ် Tarrant က သူ့ ခေါင်းမှာတပ်ထားတဲ့ ကင်မရာနဲ့ရိုက်ယူပြီး Facebook ပေါ်မှာ Live လွှင့်ခဲ့ပါသေးတယ်။
သူ့ကို လက်ရှိမှာ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တခုမှာ ထိန်းသိမ်းထားပြီး တရားစစ်ဆေးတာကို ရင်ဆိုင်နိုင်လောက်အောင် စိတ်ကျန်းမာရေး ကောင်းရဲ့လားဆိုတာ စစ်ဆေးနေပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာ သူ့ကို နောက်တကြိမ် ရုံးထုတ်မှာဖြစ်ပါတယ်။