(Zawgyi / Unicode)
အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖော်ဆောင်နိုင်ရေး ဘုံသဘောတူညီချက်ရယူဖို့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကို လိုက်လံကြားနာနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၃ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိလာပြီး ဇန်နဝါရီ ၄ ရက် ဒီကနေ့မှာ မွန်ညီညွတ်ရေးပါတီ (MUP) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုဖို့ ကမ်းလှမ်းထားပါတယ်။
NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖြစ်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အခြေခံရမယ့် မူသဘေထားတွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ MUP ပါတီရဲ့ တွဲဘက်အတွင်းရေးမှူး နိုင်လယီတမက ဗွီအိုအေကို ပြောပါတယ်။
“အဓိက ကျနော်တို့ ဆွေးနွေးမှာက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ပေါ်မှာ အခြေခံရမယ်။ နောက်တခုက ၁၉၄၇ မေ ၂၃၊ ၂၄ မှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမညီလာခံမှာ အတည်ပြုထားတဲ့ အခြေခံမူ ၁၄ ချက်ရယ်၊ ပြီးတော့ ၁၉၄၇ ဇွန် ၂၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အတည်ပြုထားတဲ့ အခြေခံမူ ၇ ချက် အဲဒီအချက်တွေအပေါ်မှာ ကျနော်တို့ ဆွေးနွေးသွားမယ်။”
မော်လမြိုင်မြို့မှာရှိတဲ့ NLD ပါတီရဲ့ မွန်ပြည်နယ်ရုံးမှာ MUP ပါတီ တာဝန်ရှိသူ ၅ ဦးနဲ့ တွေ့ဆုံဖို့ NLD ကိုယ်စားလှယ်အဖွဲ့ဘက်က ကမ်းလှမ်းခဲ့ပေမယ့် မွန်ညီညွတ်ရေးပါတီ (MUP) ကတော့ NLD ရုံးလည်းမဟုတ်၊ MUP ရုံးလည်းမဟုတ်တဲ့ ကြားနေရာတခုမှာ တွေ့ဆုံချင်တယ်လို့ ပြန်လည် တောင်းဆိုထားတာကိုတော့ ခုချိန်ထိ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။
NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မွန်ညီညွတ်ရေးပါတီဘက်က ရွေးချယ်တာဝန်ပေးထားသူ ၅ ဦးကတော့ နိုင်လယီတမ (အဖွဲ့ခေါင်းဆောင်)၊ နိုင်စံတင် (ဒုအဖွဲ့ခေါင်းဆောင်)၊ ဒေါက်တာအောင်နိုင်ဦး၊ နိုင်တလညီနဲ့ မိလဝီယံတို့ ဖြစ်ပါတယ်။
NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီး ရက်ပိုင်းအတွင်းမှာပဲ တိုင်းရင်းသားပါတီတွေနဲ့ အနာဂတ် ပြည်ထောင်စုအရေးကို ဆွေးနွေးသွားလိုကြောင်း ပါတီပေါင်း ၄၈ ပါတီကို စာပေးပို့ခဲ့ပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးဖို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာအောင်မိုးညို (မကွေးတိုင်း ဝန်ကြီးချုပ်)၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ် ဝန်ကြီးချုပ်)၊ ဦးအင်ထုံးခန်းနော်ဆန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ၃ ဦးတို့ကို ပါတီက တာဝန်ပေးအပ်ထားတာပါ။
ဒီအဖွဲ့ဟာ ဇန်နဝါရီ ၁ ရက်နေ့တုန်းက ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတွေရဲ့ ကိုယ်စားလှယ် ၈ ဦးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ NLD ပြည်နယ်ရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
--------------------------
(Unicode)