သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင်အပေါ် NLD သြဇာလွှမ်းမိုးနေကြောင်း နိုင်ငံရေးပါတီတချို့ဝေဖန်


ရန်ကုန်မြို့ရှိ မဲရုံတခုတွင် မဲများရေတွက်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတချို့။ (ဧပြီ ၀၁၊ ၂၀၁၇)
ရန်ကုန်မြို့ရှိ မဲရုံတခုတွင် မဲများရေတွက်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတချို့။ (ဧပြီ ၀၁၊ ၂၀၁၇)

[Zawgyi/Unicode]

ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီရဲ့ လွမ်းမိုးမှု ရှိနေတယ်လို့ နိုင်ငံရေး ပါတီငယ်တွေက ဝေဖန်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

အခု ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုတွေ အားနည်းတယ်ဆိုပြီး ပါတီတချို့က ဝေဖန်မှုတွေ ဒီရက်ပိုင်းမှာ ရှိလာနေပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် သတ်မှတ်မှုနဲ့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းတာမျိုး မလုပ်တဲ့အပေါ်မှာ ပါတီငယ်တွေက မကျေနပ်ပါဘူး။ ရွေးကောက်ပွဲ တရားဝင်မှုရဖို့ဆိုရင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် ယှဉ်ပြိုင်မယ့်ပါတီတွေရဲ့ ယုံကြည်မှု လိုတယ်လို့သူတို့က ပြောပါတယ်။ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်ဖို့ မူအားဖြင့်ကိုက အနိုင်ရ ပါတီနဲ့မပတ်သက်တဲ့ လွတ်လပ်တဲ့ ကော်မရှင်မျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

“ဥပဒေကိုယ်၌က အနိုင်ရတဲ့ပါတီက လွှတ်တော်ကို လွမ်းမိုးမယ်။ လွှတ်တော်ကနေပြီးတော့ သမ္မတနဲ့ အစိုးရအဖွဲ့အစည်းကို ဖွဲ့စည်းမယ်။ သမ္မတကနေ ကော်မရှင်ကို ခန့်မယ်။ ကော်မရှင်ကနေ လာမယ့် ရွေးကောက်ပွဲကို ကြီးကြပ်တယ်ဆိုတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်ဖို့ဆိုတာ မူအားဖြင့်ကိုယ်၌က အနိုင်ရပါတီနဲ့လည်း မပတ်သက် ဘယ်ပါတီနဲ့မှ မပတ်သက်တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ မချိတ်ဆက်တဲ့ ရွေးကောက်ပွဲကော်မရှင်မျိုးဖြစ်သင့်တယ်လို့ ကျနော် မြင်တယ်။ ဒါက နာမည်တွေနဲ့ လူပုဂ္ဂိုလ်အရမဟုတ်ဘဲနဲ့ မူအားဖြင့် ကျနော်တို့ပြောတာဖြစ်ပါတယ်။”

မဲစာရင်းကို အွန်လိုင်းကနေ ကြေညာမယ်ဆိုတာမျိုးလည်း သတင်းတွေ ထွက်နေတာကြောင့် လက်ရှိမြန်မာနိုင်ငံမှာ အင်တာနက် မရရှိသေးတဲ့ မြို့တွေ၊ ရွာတွေအများကြီး ရှိနေသေးပြီးတော့ ရခိုင်ပြည်နယ်က မြို့နယ် ရှစ် မြို့နယ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတာတွေ ရှိတာကြောင့် လက်ရှိမှာ ဒီလို စီစဉ်တာက လက်တွေမကျဘဲ မျှမျှတတ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မမြင်ဘူးလို့ ဦးကိုကိုကြီးက ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီကို ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူဆွေးနွေးတာမျိုး ခုအချိန်ထိ မရှိသေးဘူးလို့ ရခိုင်အမျိုသားပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကို တပြိုင်တည်း ကျင်းပနိုင်မလားဆိုတာကို မသိရသေးပေမဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ပါတီတွေအပေါ်မှာ တပြေးညီတည်း ဖြစ်သင့်တယ်လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။

“ကျမတို့ကတော့ ဒီလက်ရှိအစိုးရရယ်၊ ရွေးကောက်ပွဲမှာ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆောင်အရွက်တွေကတော့ တပြေးညီတော့ ဖြစ်သင့်တယ်ဆိုတဲ့ အနေအထားမျိုးကိုပဲ ကျမကတော့ ပြောချင်တယ်။ အခုက ကျင်းပမယ်၊ မကျင်းပဘူးဆိုတာ မသိရသေးဘူးဆိုတော့ ကျမတို့လို ရခိုင်ပြည်နယ် အခြေစိုက်တဲ့ ရခိုင်အမျိုးသားကို အခြေပြုတဲ့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ကတော့ စိန်ခေါ်မှုတွေ အဟန့်အတားတွေ ရှိနေတယ်။”

ရွေးကောက်ပွဲကော်မရှင်ဟာ ကိုဗစ်ကို အကြောင်းပြပြီး လိုတာထက်ပို တင်းကြပ်တာတွေလုပ်နေသလို ပါတီစုံဒီမိုကရေစီအတွက် လုပ်ဆောင်ရာမှာ လုပ်ဆောင်ချက်တွေ နှေးကွေးနေတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇေယျက ဝေဖန်ပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ဆက်ဆံတာကို ကြည့်ရင်တော့ နည်းနည်းလေး နှေးတယ်ဗျ။ ကျနော်တို့လုပ်ချင်တဲ့ဟာတွေကို သူတို့ကို တင်ပြတယ်။ တင်ပြတာကို နည်းနည်းလေး နှေးတာပေါ့ အကြောင်းပြန်တာ။ ဘာလို့ဆို ရွေးကောက်ပွဲကော်မရှင် ဆိုတာ အမှန်တော့ ပါတီတွေအားလုံးကို ပါတီစုံ ဒီမိုကရေစီကို အားပေးရမှာပေါ့လေ။ သွက်သွက်လက်လက်ဖြစ်အောင်။ ဆိုတော့ ဒီကိုဗစ်ကိုအကြောင်းပြပြီးတော့ နည်းနည်းတော့ ကန့်သတ်ချက်တွေကို လိုတာထက်ပြောရလို့ရှိရင်တော့ ကျနော်တို့ပါတီအသစ်အနေနဲ့တော့ တခြားပါတီတော့မသိဘူး။ လိုတာထက်ပိုပြီးတော့ ပြောနေတဲ့သဘောမျိုးတော့ရှိတယ် ကျနော်တို့မှာလေ။ အဲ့တာတွေက လုပ်ရကိုင်ရခက်ခဲပါတယ်။ ကျန်တာတွေကိုတော့ သိပ်တော့မဝေဖန်တော့ဘူး။”

ပါတီစုံဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီအသစ်တွေအပေါ်မှာ ကူညီအားပေးမှု နည်းနေတယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။ ဒီလို ပါတီတချို့က ဝေဖန်မှုတွေရှိ လာတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစုံတရာ ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ပါတီတွေရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့ နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို VOA က မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒီရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပမယ်ဆိုတာပဲ ထုတ်ပြန်ထားပြီး ကျင်းပမယ့် ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။ လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ပုံမှန်အတိုင်း ရွေးကောက်ပွဲကို တပြေးညီ ကျင်းပနိုင်ပါ့မလားဆိုတာကို ရခိုင်ပါတီတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG