သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ဗဟိုတိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းတဲ့အပေါ် တိုင်းရင်းနိုင်ငံရေးပါတီတွေသတိနဲ့ ကြိုဆို


၂၀၁၅ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက တိုင်းရင်းသားဝတ်စုံနှင့် လူငယ်များကို တွေ့ရစဉ်
၂၀၁၅ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက တိုင်းရင်းသားဝတ်စုံနှင့် လူငယ်များကို တွေ့ရစဉ်

(Zawgyi / Unicode)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းလိုက်တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ထုတ်ပြန်တာမရှိသေးပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ အနိုင်ရရေးအတွက် ဦးတည်ဖွဲ့စည်းတာဆိုရင်တော့ တိုင်းရင်းသားပြည်သူတွေအတွက် မျှော်လင့်စရာမရှိကြောင်း ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် ၁၅ဦးပါဝင်တဲ့ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းဒီလ ၂ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ကော်မတီက ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုတော့ အဖွဲ့ဝင် ၁၅ဦးအစည်းအဝေးထိုင်ပြီးမှသာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း ကော်မတီဥက္ကဌ ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။

“ ဒီကော်မတီအမည်စာရင်းတွေတော့ ထုတ်လိုက်ပြီ။ ဒီတော့ ကျနော်တို့ ကော်မတီ စည်းဝေးလုပ်ရမယ်။ စည်းဝေးလုပ်ပြီးတော့မှ ကျနော်တို့ကော်မတီ ရှေ့ဆက်ပြီးလုပ်ရမယ့် လုပ်ငန်းတွေ ဘာတွေ ဆောင်ရွက်ကြမလဲ။ တိုင်းရင်းသားရေးရာနဲ့ပတ်သက်ပြီးတော့။ တိုင်းနဲ့ပြည်နယ်ဘက်ကတော့ အကုန်လုံးကော်မတီဝင်တွေ အစည်းဝေးထိုင်ပြီးမှ တင်ပြချက်ပေါ်မူတည်ပြီးမှ ကျနော်တို့က ဘာဆောင်ရွက်မယ်ဆိုတာကို အဲဒီအချိန်ကျမှပဲ သိမယ်။ အခုလောလောဆည်တော့ အစည်းအဝေး မထိုင်ရသေးတော့ ဘာမှ ပြောလို့ မရသေးဘူး။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာတူးဂျာက မြန်မာပြည်ရဲ့နိုင်ငံရေးမှာ တိုင်းရင်းသားအရေးဟာ အဓိကကျတာကြောင့် ဒါကို လက်တွေ့ကျကျဖြေရှင်းနိုင်ရင် တိုင်းပြည်အတွက်ကောင်းမွန်ကြောင်း ပြောပါ တယ်။

“ အာဏာရပါတီတစ်ရပ်အနေနဲ့ တိုင်းရင်းသားရေးရာကို ဘယ်လောက်အရေးထားသလဲ၊ ဒါကို အပြုသဘောဘယ်လောက် လုပ်ဆောင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေးရရှိဖို့အကြောင်းရော၊ နောက်အခြားတည်ငြိမ်အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးတွေအားလုံးရော အဲဒီမှာ အခြေခံလိမ့်မယ်လို့ ယူဆတယ်။ ဒါသူတို့ဖွဲ့စည်းတာကတော့ အပြုသဘောဆောင်မယ်ဆိုရင် တိုင်းရင်းသားရေးရာကိုသာ လက်တွေ့ကျကျ၊ စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည်အတွက် ကောင်းတာပေါ့။ အားလုံးအတွက်ကောင်းနိုင်တယ်လို့ ယူဆတယ်လေ။ ”

တိုင်းရင်းသားနယ်မြေတွေမှာ ရွေးကောက်ပွဲအနိုင်ရရေးသာရည်ရွယ်ရင်တော့ သိပ်မျှော်လင့်လို့ မရနိုင်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ အဲဒီလိုမှ မဟုတ်ဘဲနဲ့ မိမိပါတီ မဲနိုင်ရေးအတွက်သာ၊ အာဏာဆက်လက်တည်မြဲရေးအတွက်သာ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတယ်ဆိုတာမျိုးဆိုရင်တော့ ဒါ ကျနော်တို့က သိပ်ပြီးမျှော်လင့်လို့ မရဘူး။ အောင်မြင်မယ်လို့ အကျိုးရှိမယ်လို့ မျှော်လင့်လို့ မရဘူး။”

NLD ပါတီက တိုင်းရင်းသားရေးရာကော်မတီကို ရွေးကောက်ပွဲနီးကပ်လာချိန်မှာမှ ဖွဲ့စည်းလာတဲ့အပေါ် ဒါဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတစ်ခုအဖြစ် ရှုမြင်တာတွေ ရှိနေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး ဦးစိုင်းလိတ်က ဒီအချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ အမှန်ကတော့ တိုင်းရင်းသားတွေ ကိုယ်တိုင်က တိုင်းရင်းသားနယ်မြေဒေသမှာ သူတို့ပါတီအနိုင်ရဖို့ ကြိုးပမ်းတာကို NLD ပါတီက လှိုက်လှိုက်လဲှလှဲကြိုဆိုသင့်တယ်။ အားပေးအားမြှောက် ပြုရမှာဗျ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် တိုင်းရင်းသားတွေကလည်း သူရဲ့နယ်ပယ်မှာ သူအနိုင်ရပြီးတော့ မြန်မာပြည်မမှာလည်းပဲ NLD လိုဟာမျိုးပေါ့နော် အနိုင်ရပြီး အချင်းချင်းအပြန်အလှန် ညှိနှိုင်းပြီးတော့မှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ကို ဝိုင်းဝန်းကြိုးပမ်းသင့်တယ်။ အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးလက်ဝါးကြီးအုပ်ပြီးတော့မှ ကိုယ့်ပါတီတစ်ခုတည်း တစ်နိုင်ငံလုံးကို ဦးဆောင်လိုတယ်။ ကိုယ်တစ်ဖွဲ့တည်းကပဲ တစ်နိုင်ငံလုံးအရေးကို လုပ်ဆောင်မယ်ဆိုတာမျိုးကတော့ အဆက်ဆက်သော သမိုင်းသင်ခန်းစာအရ ဘယ်လိုမှလည်း အောင်မြင်မှုရနိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း စိတ်ချယုံကြည်ပြီးတော့မှ ပူးပေါင်းလာဖွယ်မရှိဘူးလို့ပဲ မြင်ပါတယ်။ ”

တိုင်းရင်းသားရေးရာကော်မတီကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကျင်းပတဲ့ NLDပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ စတင်ဖွဲ့စည်းခဲ့တာပါတယ်။ စတင်ဖွဲ့စဉ်က တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ စုစည်းဖွဲ့စည်းလာတဲ့အပေါ် တုံ့ပြန်ဖို့အတွက်ဖွဲ့စည်းတာဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


...................


(Unicode)













XS
SM
MD
LG