သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပြောခွင့်ရပုဂ္ဂိုလ်သစ် နှစ်ဦး ခန့်အပ်


ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)
ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)

အာဏာရ NLD ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ကျင်းပတဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကနေ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာဌာနက ဒေါက်တာ မျိုးညွှန့်တို့ ၂ ဦးကို ပါတီရဲ့ တရားဝင် ပြောခွင့်ရ ပုဂ္ဂိုလ်တွေအဖြစ် ခန့်အပ် လိုက်ပါတယ်။ ပါတီရဲ့ ပြန်ကြားရေး၊ သတင်း အချက်အလက် ဖြန့်ဝေရေး ပိုပြီး စနစ်တကျ ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ပါတီ ပြောရေးဆိုခွင့်ရှိသူ အသစ်ကို ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ တာဝန် ပေးအပ်ခြင်းခံရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ မကြာသေးခင် ကာလတွေတုန်းက ပါတီကနေ နှုတ်ထွက်မယ်ဆိုပြီး နိုင်ငံခြားကို ထွက်သွားတဲ့ ပါတီ ထိပ်သီးခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းထိန်ဟာလည်း ပြည်ပကနေ ပြန်ရောက်ရောက်ချင်းမှာပဲ ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြန်ကြားရေးလုပ်ငန်းနဲ့ သတင်း အချက် အလက် ဖြန့်ဝေရေး လုပ်ငန်းတွေကို အရင်ထက်ပိုပြီး စနစ်တကျ လုပ်ဆောင်နိုင်ရေး အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာဌာနက ဒေါက်တာမျိုးညွှန့် တို့ ၂ ဦးကို ပါတီ ပြောရေး ဆိုခွင့်ရှိသူတွေ အဖြစ် ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အရေးပေါ်အစည်းကနေ တရားဝင် ခန့်အပ်လိုက်ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်လာတဲ့ ဒေါက်တာမျိုးညွန့်က မီဒီယာတွေကို ရှင်းပြပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားမှုတွေက စနစ်တကျမရှိဘူး၊ နောက် တိကျမှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ဒီလို သပ်သပ်မှတ်မှတ် တာဝန်ပေးခြင်း ဖြစ်ပါတယ်။ ဗဟိုပြန်ကြားရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာ ဘဘ ဦးဉာဏ်ဝင်းက ဦးဆောင် ပါတယ်။ ပြန်ကြားရေးရဲ့ အဓိက သတင်းအချက်အလက် စုဆောင်းရေးကို ပိုပြီးတာဝန် ရှိပါတယ်။ ကျနော်တို့က ဘယ်လို အချက်အလက်တွေကို လူထုကို အသိပေးမလဲ၊ နိုင်ငံတကာကို အသိပေးမလဲဆိုတာ စိစစ်ပြီး ထုတ်ပြန်ရတာ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ ရပ်တည်နေရတာက အင်မတန်ကို ခက်ခဲတဲ့ အခြေအနေ ရှိပါတယ်။ အဲဒီတော့ တချို့ သတင်းတွေဟာ ကြိုတင်သိသွားရင် ကျနော်တို့ ရည်ရွယ်ချက် မမြောက်ပဲ၊ မထင်မှတ်တဲ့ အခက်ခဲ အနှောက်ယှက်တွေ ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ပြည်သူတွေ သိသင့်တယ်… စောစောစီးစီး သိသင့်တယ်ဆိုရင် အစောဆုံး ကျနော်တို့ အကြောင်း ပြန်ပါ့မယ်။ ဒါပေမဲ့ ကျနော်တို့မှာ စိစစ်ရမယ် ထိန်းသိမ်းရမယ် ဆိုရင်တော့ အချိန် နောက်ကျ သွားတာမျိုးကို နားလည်ပေး စေချင်ပါတယ်။ အခုပဲ ဒီကနေ့ပဲ ကျနော်တို့ စည်းဝေးဆုံးဖြတ်တယ် ... တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဘယ်သူ ဆိုတာ ကျနော်တို့ ပြောလိုက်တယ်၊ ဒါ ပြည်သူတွေ သိနိုင်ပါတယ်။ ပြည်သူတွေ သိချင်တဲ့ အချက်တွေကို တရားဝင် ဒီလမ်းကြောင်းတွေကနေ ရယူနိုင် ပါတယ်။ ဒါတွေကျတော့ ကျနော်တို့ အမြန်လုပ်ပါတယ်။”

NLD ပါတီ CEC အရေးပေါ် အစည်းအဝေးတရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ စားရိပ်သာ အမှတ် (၅) မှာ ကျင်းပခဲ့အပြီး ဒေါက်တာမျိုးညွန့်က သတင်းထောက်တွေကို အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးကို NLD ပါတီ တာဝန်တွေ ကနေ နှုတ်ထွက်ဖို့ စာတင်ထားတဲ့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်လည်း တက်ရောက်ခဲ့ပါတယ်။ သူဟာ ဆေးကုသဖို့ဆိုပြီး မိသားစုရှိရာ သြစတြေးလျ နိုင်ငံကို သွားရောက် နေထိုင်ရာကနေ မတ်လ(၂၄) ဒီကနေ့ မနက်ပိုင်းမှာပဲ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ လာသူဖြစ်ပါတယ်။ သူ့အနေနဲ့ ပါတီတာဝန်တွေကို အရင်အတိုင်း ဆက်လက် ထမ်းဆောင်သွားဖို့ ရှိတယ်လို့ ပြန်ရောက်တဲ့နေ့မှာပဲ (CEC) အစည်းအဝေးကို တက်ရောက်လာတဲ့ ဦးဝင်းထိန်က ပြောပါတယ်။

“နှုတ်ထွက်စာတင်တာ မှန်တယ်။ ဒါပေမဲ့ ဒေါ်စုက လက်မခံလို့ ပြန်လာရတယ်။ ဒီမှာတွေ့တဲ့ လူတိုင်းလူတိုင်း သတင်းထောက်တွေ အပါဝင် ကိုယ့်ပါတီကရော အခြားက လူတွေကရော တွေ့တဲ့ခါမှာ၊ ပြဿနာက .. အဲဒီ ပြဿနာတွေကို ပြောရ ရှင်းရတဲ့ အခါတွေမှာ ဒေါသထွက်တယ်၊ ပြောရတယ် ဆိုရတယ်။ ဟိုမှာရောက်တော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့ ... ဟာ ဒီမှာ အကုသိုလ် အရမ်းများတယ်။ မတော်လို့ တခုခု ဖြစ်သွားလို့ရှိရင် အပယ်လားမှာ အပယ်တော့ အလားမခံနိုင်ဘူး။ ထွက်မယ် ဆိုပြီးတော့မှ ဘာမှ မတင်ချင်ပဲ ထွက်သွားတာ။ ပြန်ကြားဌာနက လူတွေရော ဘာတွေရောက .. ဟာ အန်ကယ့်မျက်နှာက အရမ်းကြည်လင်နေတာပဲတဲ့။ ငါ့ကို ပြဿနာ လာပေးမယ့်ကောင် တကောင်မှ မရှိဘူးလို့ .. ဒါကြောင့်မို့ ကြည်လင် နေတာပေါ့လို့။”

ဦးဝင်းထိန်က နှုတ်ထွက်စာတင်ခဲ့တယ်လို့ ဆိုပေမယ့်လည်း ရန်ကုန် ရွှေဂုံတိုင်က NLD ပါတီဌာနချုပ် တာဝန်ရှိသူတွေကတော့ ဦးဝင်းထိန်ရဲ့ နှုတ်ထွက်စာကို တရားဝင် မရရှိခဲ့ဘူးလို့ တုန့်ပြန် ထားပါတယ်။ ဦးဝင်းထိန် သြစတြေးလျနိုင်ငံကို ထွက်သွားပြီး နောက်ပိုင်း ဦးဝင်းထိန် ဦးဆောင်တဲ့ NLD ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဦးဆောင် လာပါတယ်။ ပါတီတာဝန်တွေကနေ ဦးဝင်းထိန် နှုတ်ထွက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ NLD ပါတီအနေနဲ့ ဆက်ပြီး စဉ်းစားဆုံးဖြတ် သွားမယ်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“အဲဒါက ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ဆက်လက်ပြီး ဆုံးဖြတ်မှာပါ။ အခုထိတော့ ကျနော်တို့ ဘာမှတိတိကျကျ ဆုံးဖြတ် ထားတာ မရှိသေးပါဘူး။ သတင်း ထုတ်ပြန်စရာလည်း မရှိသေးပါဘူး။ ဘယ်တာဝန် ထမ်းဆောင်မယ်ဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရဦးမှာပါ။ အခုလောလောဆယ်တော့ ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ပြန်လည်ပြီး လာရောက်တယ် .. ကြိုဆိုတယ် ဆိုတဲ့အကြောင်းပဲ။ ကျနော်တို့ မဆုံးဖြတ်ခင် အထိကတော့ ကျနော်တို့ နဂိုတာဝန်တွေပါပဲ။ ကျနော်တို့ ဆုံးဖြတ်တဲ့ အခါကျမှ ဒီဆုံးဖြတ်ထားတဲ့ တာဝန်တွေကို ပြောင်းလဲ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပတဲ့ NLD-CEC အစည်းအဝေးကို ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ မေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးမန်းဂျော်နီ၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်း၊ ဦးအောင်စိုး၊ ဦးကျော်ခင်တို့ တက်ရောက်ကြပေမယ့် CEC အဖွဲ့ဝင် ဒုသမ္မတသစ် ဦးဝင်းမြင့် တက်ရောက်တာ မတွေ့ရပါဘူး။

ဒီကနေ့ညပိုင်း နေပြည်တော်မှာပြုလုပ်တဲ့ NLD-CEC တွေရဲ့ ညစာစားပွဲကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG