သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးတွဲစစ်ရေး လေ့ကျင်မှုကြောင့် ဆွေးနွေးမှုကို ထိခိုက်နိုင် မြောက်ကိုရီးယား သတိပေး


ရှေ့လထဲကျရင် အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မယ့် အစီအစဉ်ဟာ ဝါရှင်တန်မှာ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ စင်္ကာပူနိုင်ငံက ထိပ်သီးအစည်းအဝေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ကို နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဒီနေ့ပဲ ဖော်ပြခဲ့တာပါ။

အမေရိကန်ရဲ့ ရှေ့ဆက်လုပ်မယ့် လှုပ်ရှားမှုတွေကိုကြည့်ပြီး အလုပ်အဖွဲ့တွေကြား ဆွေးနွေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချမယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတဦးကို အမည်မဖော်ဘဲ ကိုးကားပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ် နိုင်ငံကြားက စစ်မဲ့ဇုန်မှာ သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ပြီးခဲ့တဲ့ လထဲ ခေတ္တတွေ့ဆုံခဲ့ပြီးနောက် အလုပ်အဖွဲ့တွေကြား ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတာပါ။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းပြီး၊ အပြန်အလှန်အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလထဲ ဗီယက်နိုင်ငံက ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲအတွင်း သဘောတူညီမှု မရခဲ့ဘဲ ဖြစ်ခဲ့ရပြီးနောက် နှစ် ဘက်အကြား ဆွေးနွေးမှုတွေလည်း ရပ်ဆိုင်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG