သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ဒဏ်ခတ်မှုနဲ့ သံတမန်နည်းအသုံးပြုဖို့ အမေရိကန်စဉ်းစား


မြောက်ကိုရီးယားအရေး အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတ Donald Trump အလေးထား ပြောကြားခဲ့တဲ့ အဓိက အချက်တခုကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သံတမန်နည်းလည်းတွေကို အသုံးပြုပြီး စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးမှုတွေ ပြန်လုပ်လာအောင် ဖိအားပေးဖို့ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ ပြန်လုပ်နိုင်မယ့် အလားအလာတွေ ရေရေရာရာ မရှိသေးပေမဲ့ တရုတ်နိုင်ငံကလည်း ဆွေးနွေးဖို့ အားပေးနေတာက အရေးကြီးတယ်လို့လည်း အကဲခတ်တွေက မြင်ကြပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားအပေါ် တရုတ်နိုင်ငံက ဘယ်လောက်အထိ ဖိအားပေးမလဲ ဆိုတာကတော့ မေးခွန်းအဖြစ် ရှိနေဆဲပါ။

တရုတ်နိုင်ငံက ဒီနှစ်ဆန်းပိုင်းမှာပဲ မြောက်ကိုရီးယားကို ကျောက်မီးသွေးတင်ပို့မှု ဖြတ်တောက်ခဲ့သလို၊ ဘဏ္ဍာရေး စီးဆင်းမှုတွေကိုလည်း တင်းကျပ်လာနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြောက်ကိုရီးယားမှာ ဓာတ်ဆီဈေးတွေ တက်လာရာမှာ၊ တရုတ်နိုင်ငံရဲ့ လက်ချက်မကင်းဘူးလို့လည်း တချို့က ယူဆနေကြပါတယ်။ ဓာတ်ဆီဈေး တက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရပေမဲ့ ပြည်ပက ဓာတ်ဆီတင်သွင်းမှုတွေကို တားမြစ်မှာ စိုးရိမ်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

တရုတ်နိုင်ငံအနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ရာမှာ တနိုင်ငံတည်း လုပ်မယ့် အလားအလာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကို မြောက်ကိုရီးယားက ဆက်လုပ် လာတာနဲ့အမျှ ဓာတ်ဆီအပါအဝင် ပြည်ပက စွမ်းအင်တင်သွင်းမှုတွေကို ပိတ်ဆို့တားမြစ်မှုတွေ ရှိလာနိုင်တယ်လို့လည်း အကဲခတ်တွေက ယူဆနေကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်လို့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေကတော့ ၂၀၀၇ ခုနှစ်ကတည်းက ရပ်ဆိုင်းနေခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့လည်း ဆွေးနွေးပွဲတွေ ပြန်စဖို့ စိတ်ဝင်စားတဲ့ လက္ခဏာမျိုးတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG