သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့အစိုးရပေါ်လာရေးပံ့ပိုးဖို့ တရုတ်ကို NUG တိုက်တွန်း 


စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ကြားဝင်ပေးမှုနဲ့ ဆွေးနွေးနေစဥ်။ ( ဒီဇင်ဘာ ၁၂၊ ၂၀၂၃/ Source: Myanmar Golden Phoenix Chinese Newspaper)
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ကြားဝင်ပေးမှုနဲ့ ဆွေးနွေးနေစဥ်။ ( ဒီဇင်ဘာ ၁၂၊ ၂၀၂၃/ Source: Myanmar Golden Phoenix Chinese Newspaper)

တရုတ်-မြန်မာ အကျိုးစီးပွားကို ခြိမ်းခြောက်နေတာဟာ အာဏာသိမ်း စစ်ကောင်စီသာဖြစ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားကာကွယ်တဲ့ ပြည်သူ့အစိုးရဖြစ်လာရေး တရုတ်အနေနဲ့ ပံ့ပိုးကူညီဖို့ NUG အစိုးရက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား တရုတ် ပါဝင်ကူညီစေ့စပ်နေတဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ NUG သမ္မတရုံးပြောခွင့်ရကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တရုတ်နိုင်ငံ ကူမင်းမှာ မတ်လအစောပိုင်းကလုပ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားတဲ့အထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွားတွေ အကာအကွယ်ပေးဖို့ ဆိုတာရည်ရွယ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က အသံဖိုင်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ပြောသွားတာပါ။

"တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အကျိုးစီးပွါးကို မြန်မာအစိုးရအနေနဲ့ အလေးထား ကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ရှမ်းမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပဋိပက္ခမှာ တရုတ်က သူ့ရဲ့အကျိုးစီးပွားအတွက် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်၊ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ ရခိုင် AA တို့အပေါ်မှာဆိုရင်လည်း တရုတ်သြဇာလွှမ်းမိုးမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတာပါ။ တဖက်မှာလည်း တရုတ်က စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိနေတာပါ။


တရုတ်အနေနဲ့ သူ့နိုင်ငံအကျိုးစီးပွားအတွက် လုပ်ဆောင်တယ်ဆိုပေမဲ့ စစ်ကောင်စီရှိနေသရွေ့ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွား ရေရှည်တည်တံ့ဖို့ မရှိကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကိုပြောပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကျိုးစီးပွါး ကျနော်တို့ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးအတွက်- နှစ်ဦးနှစ်ဘက်အကျိုးစီးပွါးတွေအတွက်က - အဲဒါကို ခြိမ်းခြောက်နေတာက အကြမ်းဖက်စစ်ကောင်စီဖြစ်နေတယ်။ ဒါကြောင့် အဲဒီ တရုတ်နိုင်ငံရဲ့အကျိုးစီးပွါးကို၊ နောက် ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ဖို့အတွက် အကောင်းဆုံးက ဘာလဲဆိုတော့ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ပြီးတော့ ကျနော်တို့ရဲ့ပြည်သူလူထုကနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြုတ်ပြီးတော့ မတည်ငြိမ်မှုတွေ ဖန်တီးနေတဲ့အဖွဲ့အစည်းကိုဖယ်ရှား၊ စနစ်ပြောင်းတဲ့ဟာသည်သာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အကျိုးစီးပွါးတွေသာမက ဒေသအကျိုးစီးပွါးလုံခြုံရေး၊ တည်ငြိမ်ရေးအတွက်ပါ အထောက်အကူပြုမယ်ဆိုတာ ကျနော်တို့ တစိုက်မတ်မတ်ပြောသလို ဆက်လည်း ကျနော်တို့အားလုံးက ပြောနေဖို့ လိုပါလိမ့်မယ်။ တရုတ်နိုင်ငံကလည်း အဲလို နားလည်ပြီးတော့ ပြည်သူလူထုကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုဒဏ်တွေ ခံနေရတာတွေ အဆုံးသတ်ဖို့အတွက် တရုတ်နိုင်ငံကလည်း မြန်မာပြည်သူလူထုဆန္ဒရဲ့ ညီမျှတဲ့လုပ်ငန်းစဥ်တွေ လုပ်ကိုင်လာမှပေါ့နော်၊ ဒါကြောင့်လည်းပဲ ကျနော်တို့အနေနဲ့က တစိုက်မတ်မတ် အဲဒါကို message ပေးနေတယ်။

အင်ကြင်းနိုင်။ ။ အဲဒီနေရာမှာ အခုနောက်ဆုံး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား တရုတ်က ကြားဝင်ပြီးတော့ ဆွေးနွေးတဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီက တုံ့ပြန်တာပေါ့နော်- ဒီတိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနယ်မြေပိုင်နက် တစိုးတစေ့မှ ဆုံးရှုံးမှု မရှိစေရဘူး-ပေါ့လေ၊ မရှိဘူးပေါ့။ အထူးသဖြင့် ဒီ ဆွေးနွေးပွဲမှာလည်း နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေလည်းပါ​တယ်။ နောက် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေလည်း ပါဝင်တယ်ဆိုတာမျိုးတော့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားတာရှိပါတယ်။ ဦးကျော်ဇော် ဘယ်လိုမြင်ပါလဲရှင့်။

"ဟုတ်ကဲ့၊ ဒါ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ပြောထားပြီးသား။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သူတို့လေးစားတယ်။ "အချုပ်အခြာအာဏာ" ဆိုတာ စစ်ကောင်စီပိုင်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို မြန်မာပြည်သူလူထုသာပိုင်တယ်၊ ဒါကြောင့် အချုပ်အခြာအာဏာပိုင်တဲ့ပြည်သူတွေရဲ့ သဘောတူညီချက်နဲ့အားလုံးဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ ရှမ်းမြောက်မှာဆိုလည်း နေရာတော်တော်အများစုက အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ကနေ လွတ်မြောက်သွားတယ်။ ဒါက ကျနော်တို့မှာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနေတာ၊ ဒီ တော်လှန်ရေးအင်အားစုတွေအကုန်လုံး ညီနောင်သုံးဖော်ကလည်း အတိအလင်းပြောထားသားပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်၊ ကျနော်တို့ရဲ့ပြည်ထောင်စုတခုတည်းမှာ ဆက်လက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားပြီး နေထိုင်သွားမယ်ဆိုတာကို ပြောကြားပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်နေတာက အကြမ်းဖက်စစ်တပ်ကဖြစ်တယ်။ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရဲ့ဆီကနေပြီးတော့ အာဏာလုယူဖို့ကြိုးစားပြီးတော့ ပြည်သူလူထုကို အကြမ်းဖက်နေတာက သူတို့သာ အချုပ်အခြာအာဏာကို ချိုးဖောက်နေတာ။ အဲဒီတော့ ကျနော်တို့က အချုပ်အခြာအာဏာကို ပြည်သူ့လက်ထဲပြန်လည်ရဖို့အတွက် ကျနော်တို့တွေ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။"

ဒါ့အပြင် တရုတ်ကြားဝင်စေ့စပ်ဆွေးနွေးမှုတွေဟာ နွေဦးတော်လှန်ရေးကို ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားမှာ ယုံကြည်မှုတွေခိုင်ခိုင်မာမာတည်ရှိနေသလို စစ်ရေးအရလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့ ဦးကျော်ဇော်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ရှမ်းမြောက်ဒေသ အပစ်အရပ်စဲရေးမှာ ကြားဝင်ညှိနှိုင်းပေးခဲ့သလို တရုတ်နိုင်ငံနဲ့ထိဆက်နေတဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲတာဟာ မြန်မာနိုင်ငံဘက်က သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိသလို တရုတ် မြန်မာနယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေးကိုလည်း အထောက်အကူဖြစ်တယ်လို့ တရုတ်နိုင်ငံခြား‌ရေးဌာန ပြောခွင့်ရ Mao Ning ကပြောကြားခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးကို လိုလားတယ်ဆိုတာကို မကြာခဏထုတ်ဖော်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG