သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUCC ကြီးမှူးကျင်းပ ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုမယ် 


 နွေဦးတော်လှန်ရေး လူမျိုးစုံချီတက်ဆန္ဒပြမှုတခု (ဓာတ်ပုံ - Courtesy)
နွေဦးတော်လှန်ရေး လူမျိုးစုံချီတက်ဆန္ဒပြမှုတခု (ဓာတ်ပုံ - Courtesy)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုကြတော့မှာဖြစ်တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတကပြောပါတယ်။ ပြည်သူ့ညီလာခံကနေ အတည်ပြုမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဥပဒေနဲ့အညီ ပြဋ္ဌာန်းနိုင်ရေး ၊ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အနေနဲ့ လွှတ်တော်ခေါ်ဆောင်ရွက်သွားကြမယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌကပြောပါတယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအစုအဖွဲ့အသီးသီးက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တချို့ပါ တက်ရောက်တဲ့ ပြည်သူ့ညီလာခံအဖွင့် ပထမနေ့နဲ့ပတ်သက်ပြီး ပြည်သူ့ညီလာခံကို အွန်လိုင်းကနေတဆင့်တက်ရောက်သတင်းယူခဲ့တဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

NUCC က ကမကထပြုပြီး ဇန်နဝါရီလ ၂၇ ရက်ကနေ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ သုံးရက်တာကျင်းပမယ့် ပြည်သူ့ညီလာခံ ကနေ ဖက်ဒရယ်ဒီမိုကရေစီဖက်ဒရယ်ပဋိဉာဉ် အတည်ပြုနိုင်ရေး NUG နဲ့ CRPH အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစုအဖွဲ့အသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပါ ပါဝင် ဆွေးနွေး ဆုံးဖြတ်ကြတော့မှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက သူ့မိန့်ခွန်းထဲမှာ အခုလို ပြောသွားပါတယ်။

“ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံရေသောက်မြစ်ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကြီးကို ဒီညီလာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ အရပ်သားပြည်သူ့အစိုးရပေါ်ထွန်းရေး အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ အတည်ပြုပြဋ္ဌာန်းမယ့် ပဋိဉာဉ်ကြီးက နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်ဖြစ်လာမှာဖြစ်ပါတယ်။ ဒီ ပဋိဉာဉ်ကြီးမှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေတရပ်ကို အတည်ပြုပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် လိုက်နာကျင့်သုံးနိုင်မှသာ ကျနော်တို့ မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။”

ပြည်သူ့ညီလာခံကနေ အတည်ပြုလိုက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဥပဒေနဲ့အညီ ပြဋ္ဌာန်းနိုင်ရေး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အနေနဲ့ လွှတ်တော်ခေါ်ဆောင်ရွက်သွားမယ်လို့လည်း CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်မှာပါရှိတဲ့ ပြည်ထောင်စု မျှော်ရည်ချက်နဲ့ စံတန်ဖိုးများ ပြည့်ဝစေမယ့် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး နှစ်ရှည်လများ မျှော်လင့်တောင့်တခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဒီညီလာခံကြီးဟာ ခရာတွတ်ချိန်၊ တာလွှတ်ချိန် ၊ခရာတွတ်ခြင်း ၊တာလွှတ်ခြင်း၊ အခမ်းအနားအဖြစ် ရှုမြင်မိပါတယ်။ ခရီးရှည်ကြီးကို ဆက်လက်ပြီးတော့ လျှောက်လှမ်းကြရဦးမှာလည်းဖြစ်ပါတယ်။ အားထည့်ကြိုးပမ်းရဦးမယ့် နိဒါန်းလို့လည်း ဆိုနိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့လည်းပဲ ပြည်သူတို့က တာဝန်ပေးလွှဲအပ်ထားတဲ့ ကိုယ်စားပြုမှုတာဝန်တွေကို အလေးအနက်ပြုပြီးတော့ ပဋိဉာဉ်မှာပါတဲ့ မူဝါဒများနဲ့အညီ ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ပြည်သူ့ညီလာခံကို ဦးဆောင်တက်ရောက်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး အတူတကွ လက်တွဲပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

“အခုနေအခါမှာ လက်နက်ကိုင်ခုခံတော်လှန်ရေးအပြင် လူထုတော်လှန်ရေးနဲ့ပေါင်းစပ်ပြီးတော့ အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေကြရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒီကနေ့ သမိုင်းအမှားနဲ့ မတရားမှုတွေကို ခြေဖျောက်ပြီးတော့ မှန်ကန်တော်တည့်တဲ့သမိုင်းနဲ့ တန်းတူရေး အခွင့်အရေးတွေကို လူတိုင်း လူတိုင်း တဦးချင်းစီမှသည် လူမျိုးတမျိုးချင်းစီ ကျနော်တို့ အတူတကွ ယှဉ်တွဲနိုင်ဖို့အတွက် ရည်သန်ပြီးတော့ အခုချိန်မှာဆိုရင် ပြည်သူလူထုတရပ်လုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတော်လှန်ရေးကို ပေါင်းစပ်ပြီးတော့ တိုက်ပွဲဝင်နေကြရတာပါ ကျနော်တို့ရဲ့ တိုက်ပွဲဟာ ဒီမိုကရေစီအရေးတင်မဟုတ်ပဲ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တက်လှမ်းကြမယ်ဆိုပြီး ကျနော်တို့တွေ အတူတကွ သဘောတူ ထပ်တူကျပြီး အခုလို အင်နဲ့အားနဲ့ပူးပေါင်းဆောင်ရွက်နေကြတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ အားလုံး တသဘောတည်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကျနော်တို့တတွေ နည်းမှန် လမ်းမှန်နဲ့ ကျနော်တို့သမိုင်း ကျနော်တို့ဘာသာ ဖန်တီးပြီးတော့ ရေးသားကြရမယ့်အချိန်ကာလလည်းဖြစ်ပါတယ်။”

ပြည်သူ့ညီလာခံအစမှာ နွေဦးတော်လှန်ရေးသပိတ်အင်အားစုများရဲ့ ကိုယ်စား မုံရွာသပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးကလည်း ခေါင်းဆောင်တွေအနေနဲ့တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့မျက်နှာကို ကြည့်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြဖို့ ဘုံညီမှန်းချက်တူတဲ့ အစုအဖွဲ့တွေရဲ့ တူညီတဲ့ပန်းတိုင်ကိုရောက်အောင်သွားကြဖို့ပြောဆိုသလို စီဒီအမ်ဝန်ထမ်းအင်အားစုများရဲ့ ကိုယ်စားလှယ်ကိုနောင်ချိုကလည်း အာဏာဖီဆန်မှုနည်းလမ်းစုံနဲ့ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်ခြေမှုန်းရေးမူဝါဒတွေ ချမှတ်နိုင်ရေး ဦးဆောင်သူတွေဘက်က အလေးအနက်ထားဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်သပိတ်အင်အားစုတွေကလည်း မြန်မာနိုင်ငံမှာ အာဏာရှင်အလုံးစုံပျက်သုန်းရေး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြဖို့ နည်းလမ်းအဖြေရှာကြဖို့ အသီးသီးတိုက်တွန်းကြပါတယ်။

ဒီကနေ့စ သုံးရက်တာကျင်းပမယ့် ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အတည်ပြုနိုင်ရေးကိစ္စရပ်အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်းသွားမယ့်အခြေအနေ၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းနိုင်ရေး ကြားကာလအစီအစဉ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထပ်လောင်းပြီးမှ အတည်ပြုမယ့်လုပ်ငန်းစဉ်တွေပါဝင်ပါတယ်။

ညီလာခံပြီးဆုံးပြီးနောက် ဇန်နဝါရီလ ၃၀ရက်နေ့မှာ ညီလာခံအတွင်း ရလဒ်တွေနဲ့ပတ်သက်လို့ NUCC က သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုရေးဆွဲခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ NUCC ကို အဖွဲ့အစည်း(၂၈)ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီအထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ပါရှိတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

.................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)



ဒါနဲ့ပတျသကျပွီး NUG ယာယီသမ်မတ ဒူဝါလရှီးလက သူ့မိန့ျခှနျးထဲမှာ အခုလို ပွောသှားပါတယျ။











XS
SM
MD
LG