သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုပေါင်းခေါင်းဆောင်မှုနဲ့ ကာကွယ်ပေးဖို့ လက်နက်ကိုင်တွေကို GSCN တိုက်တွန်း


ဓါတ်ပုံ- General Strike Committee of Nationalities - GSCN
ဓါတ်ပုံ- General Strike Committee of Nationalities - GSCN

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အကာအကွယ်မဲ့နေတဲ့ ဆန္ဒပြပြည်သူတွေအပေါ် အာဏာသိမ်း စစ်တပ်က မတရား ဖိနှိပ်နေတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ပြည်သူတွေကို စုပေါင်းကာကွယ်စောင့်ရှောက်ပေးဖို့ လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ GSCN က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ထားပါတယ်။ ဒါကို တိုင်းရင်းသားအဖွဲ့တွေဖက်က ဘယ်လိုတုံ့ပြန်နေကြပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းကို မအင်ကြင်းနိုင် ကပြောပြပါမယ်။

စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ပြည်သူတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒဖော်ထုတ် ကန့်ကွက်နေကြပေမဲ့ နစကဘက်က ဆန္ဒပြသူတွေအပေါ် သတ်ဖြတ်မှုတွေ အရှိန်မြှင့်လာတဲ့အတွက် အကာအကွယ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စုပေါင်းကာကွယ် စောင့်ရှောက်ပေးဖို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ဒေသအသီးသီးက လူမျိုးစုလက်နက်ကိုင် အဖွဲ့ ၁၆ ကို GSCN က မတ်လ ၂၈ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ ပန်ကြားခဲ့ပါတယ်။

“လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာပေါ့နော်၊ စုပေါင်းခေါင်းဆောင်မှုကို ကျနော်တို့ ဗဟိုပြုပြီးတော့မှ Federal army စုစည်းမှုဆိုတဲ့ ဟာကတော့ နောက်မှပေါ့နော်။ လောလောဆယ် ဒီစုပေါင်း ခေါင်းဆောင်မှုရဲ့ အားသာချက်ကို ယူပြီးတော့မှ လူထုအတွက် ကျနော်တို့က ရပ်တည်တဲ့ဟာမျိုးကို ပိုပြီးတော့မှ ဖြစ်စေချင်တဲ့အတွက် ဖြစ်ပါတယ်။”

GSCN က တာဝန်ရှိသူတဦးဖြစ်တဲ့ စောအာကာ ပြောသွားတာပါ။

လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ GSCN ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ဖို့၊ စုပေါင်းခေါင်းဆောင်ဖို့၊ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေရဖို့ စတဲ့ အချက် ၅ ချက်ကို ထောက်ပြတောင်းဆိုထားပါတယ်။ ဒီအိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF, ရခိုင်လက်နက်ကိုင် AA, ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မွန်ပြည်သစ်ပါတီ MNSP ကရင်နီ KNPP တို့အပြင် အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကချင်လက်နက်ကိုင် KIA, တအန်း (ပလောင်) လက်နက်ကိုင် TNLA, ကရင် လက်နက်ကိုင် KNU, စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဆီ ပေးပို့ခဲ့တာပါ။

‘ စုပေါင်းခေါင်းဆောင်မှု’ လို့ပန်ကြားထားပေမဲ့ ကရင်နီအမျိုးသားတိုးတက်ရေးတပ်မတော် KNPP ကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သီးခြားလုပ်ဖို့ အားသန်ပုံရပါတယ်။ KNPP ရဲ့ ဒုဥက္ကဋ္ဌ ခူဦးရယ် က သူတို့ သဘောထားအမြင်ကို အခုလို ပြောပြပါတယ်။

“ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ဒီလိုသွားရမယ်ဆိုတာမျိုးတွေ ကျနော်တို့ ပြောဖြစ်တဲ့ စကားတွေပါ။ ဆိုတော့ အားလုံးကတော့ ဖြစ်စဉ်တိုင်း၊ ဖြစ်စဉ်တိုင်း တွေမှာတော့ ကျနော်တို့ မကြာခဏ ကြားထဲမှာတော့ တွေ့ကြတယ်၊ ပြောကြတယ်၊ ညှိကြတယ်၊ သဘောထားတွေ ချပြတယ်၊ ဆုံးဖြတ်ချက်တွေချတယ်။ အဲဒီဟာတွေက ကျနော်တို့ကြားထဲမှာ ပုံမှန်ရှိနေတာပဲပေါ့နော်။ အခုလည်း ရှိနေတာပါပဲ။ ဘာပဲပြောပြော လက်ရှိ အခြေအနေမှာတော့ ကျနော်တို့ အနေအထားနဲ့ ကျနော်တို့ ပြင်ဆင်မှု၊ အစီအမံကလေး တွေကတော့ ကျနော်တို့ဟာနဲ့ ကျနော်တို့ ရှိနေတယ်လောက်ကိုပဲ ကျနော်ပြောလို့ရမယ် ထင်ပါတယ်။”.

UWSA ‘ ဝ’ တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထားမှတ်ချက် မရှိသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ဒီကိစ္စကတော့ ဌာနချုပ်ဘက်က သဘောထားဘာမှ ပေးလာတာတော့ မတွေ့ရသေးဘူးနော်။ သိတဲ့အတိုင်းပဲ အခုအချိန်က ထိလွယ်၊ ရှိလွယ်တဲ့ ကိစ္စရပ်တွေဖြစ်တော့ ကျနော်တို့ ဒီ မှားယွင်းစေနိုင်တဲ့ message လည်း မပေးလိုဘူးပေါ့နော်။ အားလုံးကလည်း အရေးကြီးနေတဲ့အချိန် ဖြစ်နေတဲ့အခါ ကျတော့လေ နော့။”

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ နိုင်ငံတဝန်းက ဆန္ဒပြသူတွေအပေါ် အာဏာသိမ်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တနေ့ထဲ သေဆုံးသူ ၁၁၄ ယောက်ထက် မနည်းရှိခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချတဲ့ သဘောထားတွေကိုလည်း ထုတ်ပြန်နေကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဆန္ဒပြသူတွေအပေါ်တင် မဟုတ်ဘဲ တိုင်းရင်းသားဒေသတွေဖက်မှာပါ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ တိုက်လေယာဉ်တွေသုံး ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်နေတဲ့အတွက် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။ ပြည်တွင်းမှာ သောင်းချီ နေရပ်စွန့်ခွာ စစ်ပြေးနေကြရပြီး ထိုင်းနိုင်ငံဖက် ထွက်ပြေးတဲ့ စစ်ပြေးဒုက္ခသည်က ၃ ထောင်လောက် ရှိနေပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး ထင်ရာစိုင်း ဆောင်ရွက်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကဆိုပြီး NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ ပြည်သူနဲ့ လက်တွဲကြဖို့အတွက် မကြာသေးခင်က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)













XS
SM
MD
LG