ကရင်ပြည်နယ်ထဲမှာ စစ်ရေးအခြေအနေတင်းမာနေချိန် ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ ခလရ-၂၆၄ ပိန်းဇလုပ်တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သေဆုံးတာတွေရော ဖမ်းဆီးအသတ်ဖြတ်ခံရတာပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ ဧပြီလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေက စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်တာအပြင် ဒေသခံပြည်သူ ၅ ဦးကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
“၁၄ ရက်နေ့မှာတော့ လယ်တောကျေးရွာတွေကို လက်နက်ကြီးတွေ ၁၅၅ မမ-၊လက်နက်ကြီးနဲ့ ၃လုံးပစ်ခတ်သွားတယ်။ ဧပြီလ ၁၅ ရက်နေ့မှာတော့ ဆောထိမြို့နယ်၊ ကောက်ကွေ့ကျေးရွာက အသက် ၃၃ နှစ်အရွယ် ကိုဇော်ဝင်းမြင့်ကိုတော့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်သွားတယ်။ ခလရ ၂၆၄ တပ်ရင်းကပဲ အနားဘောက် ကျေးရွာသား ၄ ဦးကိုလည်းဖမ်းဆီးပြီး သတ်သွားတယ်။ သူတို့ကတော့ ကိုဖိုးစော၊ မောင်ဇော်မင်းသိန်းနဲ့အခြား သူ ၂ ဦး၊ အားလုံး ၅ ဦးကို အကြောင်းမဲ့ သတ်သွားတယ်။”
အခုသေဆုံးသူ ၅ ဦးဟာ ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေက ဒေသခံတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ ကောက်ကွေ့ကျေးရွာသားဆိုရင် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်ရင်းရဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာသူတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအဖြစ် စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။
“ပိန်းဇလုပ်တပ်ရင်း ခလရ-၂၆၄ တပ်ရင်းကပဲ မကြာခဏပဲ ကျနော်တို့ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်ထဲကို လက်နက်ကြီးပစ်ထည့်တယ်။ အခုလည်း ရွာသားတွေကို ဖမ်းပြီးသတ်သွားတယ်။ ရွာသားတွေလည်း မနေရဲတော့ဘူး။ တွေ့တဲ့သူကို ဖမ်းပြီးသတ်သွားတာပဲ။”
အခုဆိုရင် ညောင်လေးပင်ခရိုင်ထဲမှာ ဒေသခံတွေဟာ နေအိမ်ထဲမှာကို မနေထိုင်ရဲတော့ဘဲ ထွက်ပြေးနေကြရပြီး စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီပြီးရှိနေတာပါ။ နေ့စဉ်လည်း စစ်ကောင်စီရဲ့တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် နေအိမ်တွေပျက်စီးပြီး ဒေသခံတွေ မကြာခဏ ထိခိုက်သေဆုံးနေကြရပါတယ်ရှင်။
Forum