သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွဲမှု သေဆုံးသူ ၁ ဦးရှိ


ရန်ကုန် သာကေတ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြ (မတ်၊၁၉ ၊၂၀၂၁)
ရန်ကုန် သာကေတ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြ (မတ်၊၁၉ ၊၂၀၂၁)

{{Zawgyi/Unicode}}

စစ်တပ်အာဏာသိမ်းတာ ၄၇ ရက် ရှိလာချိန်အထိ ရန်ကုန်က မြို့နယ်အသီးသီးမှာ လူထုပါဝင်တဲ့ ဆန္ဒပြပွဲတွေဆက်ရှိနေသလို ပုံစံပြောင်း ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။ ဒီကနေ့မှာလည်း ပစ်ခတ် ဖြိုခွဲတာကြာင့် အသက်ဆုံးရှုံးရသူ အနည်းဆုံးတစ်ဦး ရှိခဲ့ပါတယ်။ ရန်ကုန်ကရတဲ့သတင်းကို မဆုမွန်က တင်ပြထားပါတယ်။

အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အင်အားသုံး အကြမ်းဖက်တာတွေကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်း ရာနဲ့ချီရှိလာပါ ပြီ။ တလခွဲကျော်ကြာလာချိန်အထိ ဆန္ဒပြလူထုကို ပစ်ခတ်တာတွေ၊ ရပ်ကွက်လမ်းတွေထဲထိ ဝင်ရောက် ခြိမ်းခြောက်တာတွေ ရှိလာနေပေမဲ့ အာဏာရှင်စနစ်ကို ဆက်ပြီး ဆန့်ကျင် တော်လှန်နေကြတာပါ။

တောင်ဒဂုံမြို့နယ်က ၂၂ ရပ်ကွက်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးလို့ ညနေ ၅ နာရီဝန်းကျင်မှာ သေဆုံးသူတဦးရှိခဲ့ပါတယ်။

"ဒီ ၂၂ ရပ်ကွက်ထဲမှာ ဆန္ဒပြသူတွေရှိတယ်ဗျ။ တောင်ဒဂုံ ၂၄ ရပ်ကွက်ကနေ စစ်ကားတစီးနဲ့ အိမ်စီးကား၂ စီးနဲ့ လိုက်ပတ်ပြီးတော့ ဒလံနဲ့ လိုက်ကြည့်တာတွေရှိတယ်ဗျ။ အဲဒီ ဒလံကနေလှမ်းခေါ်ပြီးတော့ ရပ်ကွက်တွေထဲ ဘယ်အိမ်တွေဆိုပြီး လိုက်ပြတဲ့အချိန်မှာ လူတွေက ပြေးကြလွှားကြတယ်။ တချို့ကကျတော့ ဆန္ဒပြတာမျိုးတွေ ဖြစ်လာတဲ့အချိန်မှာ လှမ်းပစ်ကြတယ်။ လှမ်းပစ်တဲ့အချိန်မှာ တယောက် ကတော့ ဦးခေါင်းထိပြီး သေသွားတယ်။ ကျန်တဲ့ ၃ယောက်ကတော့ ဒဏ်ရာရသွားတယ်။ ၁၀ ယောက်က လည်း အဖမ်းခံရတယ်။ ဒါ ဒလံလိုက်ပြလို့ပေါ့နော်။ Source ကလည်း လုံးဝသေချာပါတယ်။"

ဆန္ဒပြသပိတ်တွေထဲ ကျဆုံးသူများခဲ့တဲ့ မြောက်ဥက္ကလာ သပိတ်စခန်းတွေကတော့ ဖြိုခွဲခံနေရပေမဲ့ ဆန္ဒပြသပိတ်ဆက်ရှိနိုင်ဖို့အတွက် လူတန်းစားအလွှာပေါင်းစုံက ကြိုးပမ်းနေကြဆဲပါ။

"သုဓမ္မာသပိတ်စခန်းကို လူအင်အား ၃၀၀ လောက်နဲ့ ဖြိုတယ်။ ဖြိုပြီးတော့ သဲအိတ်တွေရော ဘာတွေရော ... ရှိသမျှအကုန် ဘူဒိုဇာကြီးနဲ့ထိုးယူသွားပြီးတော့ နွယ်နီတို့၊ သန္တာတို့၊ ဝဇီရာတို့ ... ရှိသမျှနေရာတွေကို ရပ်ကွက်တွေအထိဝင်ပြီးတော့ အဲဒီက ယောကျ်ားလေးတွေ၊ မိန်းမလေးတွေ ခေါ်ပြီး သဲအိတ်တွေဖောက်ပြီးတော့ ယူသွားတာ။ ခံတပ်တွေက မရှိတော့ဘူးလေ။ သုဓမ္မာလမ်းကြီးက ဒိုးယိုပေါက်ဖြစ်သွားတော့...။"

ဒီကနေ့ မနက်ပိုင်းမှာလည်း မြောက်ဥက္ကလာမှာရှိတဲ့ လုံခြုံရေးအကာအရံတွေကို ရပ်ကွက်နေပြည်သူတချို့ ကို ခေါ်ဆောင်ပြီး ရှင်းခိုင်းသလို ရပ်ကွက်တွင်း သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသူတွေ ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အဲဒါအပြင် အမျိုးသားတဦးကို စစ်သားနဲ့ရဲတွေက သူတို့ကားအနီး ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့ပါတယ်။

မနက်အစောပိုင်းကတည်းက ပစ်ခတ်ခြိမ်းခြောက်မှုတွေနဲ့ လက်နက်ကိုင်စောင့်ကြည့်တာတွေ ရှိနေတာကြောင့် တချို့နေရာတွေမှာတော့ လူမဲ့သပိတ်ပုံစံ ပြုလုပ်တာတွေ ရှိနေပြီး သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်က သပိတ်စစ်ကြောင်းမှာတော့ ပစ်ခတ်ဖြိုခွဲခံခဲ့ရတာကြောင့် ဖမ်းဆီးခံရသူနဲ့ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိခဲ့ပါတယ်။ အအေတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

ညသန်းခေါင် လူခြေတိတ်ချိန်မှာ ရပ်ကွက်တွေထဲထိ ပစ်ခတ်မှုတွေ ကြုံနေရတဲ့ ရွှေပြည်သာမြို့နယ်မှာတော့ လတ်တလောမှာ သပိတ်စခန်းတွေ မရှိပေမဲ့ လက်နက်ကိုင်တွေဘက်ကတော့ လှည့်လည်စောင့်ကြည့်နေ တုန်းပါ။

"ထန်းခြောက်ပင်မှာ မရှိဘူးဗျ။ သူတို့က အဲဒီမှာလှည့်နေကြတာ။ သပိတ်စခန်းတွေတော့ မရှိဘူး။ လမ်းတွေဘာတွေထဲ ထန်းခြောက်ပင်ဘက်မှာတော့ ကာရံထားတာတွေကိုတော့ ဝင်ယူသွားကြတယ်၊ ဖျက်သွားကြတယ်။ ဘယ်သူမှတော့ ပြန်ပြီးမလုပ်ရဲကြဘူး၊ အခုလောလောဆယ်တော့။ လူတွေက လမ်းပေါ်တွေမှာတောင်မှ တော်တော်ကြီးကို သိသိသာသာ ရှင်းသွားတာဗျ။ ဆိုင်ကယ်စီးရတာကအစ လန့်နေတယ်။ ပြောလို့မရဘူးဆိုတာက ဘယ်နားကပစ်လိုက်မလဲ ဆိုပြီးတော့ ရင်ထိတ်နေသလို ဖြစ်နေတယ်။"

ပြီးခဲ့တဲ့ ရက်တွေတုန်းက အင်အားသုံး အကြမ်းဖက်ပစ်ခတ်ခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ်မှာတော့ သေဆုံး သွားသူတွေ၊ ပျောက်ဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေအပြင် နေရပ်စွန့်ခွာသွားသူတွေ ဒီကနေ့အထိ ရှိနေပါတယ်။

အခုလို ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ အရေးယူဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။ နေ့အချိန်မှာ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ညအချိန်မှာ တားဆီးကာရံထားတာတွေကို မီးရှို့တာတွေ၊ ခြိမ်းခြောက် တာတွေ ရှိနေတဲ့ကြားကပဲ ဆန္ဒပြသူတွေက ဆက်ပြီး အန်တုနေကြဆဲဖြစ်ပါတယ်။

.........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG