သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ အရပ်သား ၁၃၀၀ ကျော်ရှိ" - Equality Myanmar


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက မီးလောင်ပျက်စီးနေတဲ့ အဆောက်အဦးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက မီးလောင်ပျက်စီးနေတဲ့ အဆောက်အဦးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး၊ အဲဒီဖြစ်ရပ်တွေ အတွင်း သေဆုံးသူ ၁,၀၀၀ ကျော် ရှိခဲ့တယ်လို့ လူအခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာက ထုတ်ပြန်ပါတယ်။ "ရန်ငြိုးဖွဲ့ ချေမှုန်းခံနေရသည့် အရပ်သားပြည်သူများ" လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို တင်ပြသွားမယ်လို့လည်း ညီမျှခြင်းမြန်မာ (Equality Myanmar) အဖွဲ့က ပြောပါတယ်။ ဒီအစီရင်ခံစာအကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၄၄၁ ခု ရှိပြီး အဲဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူ ၁,၃၆၃ ဦး ရှိခဲ့တယ်လို့ သြဂုတ်လ ၂၈ က်နေ့က ထုတ်ပြန်တဲ့ ညီမျှခြင်းမြန်မာ လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်းက ပြည်နယ်နဲ့ တိုင်းနေရာအနှံ့မှာ ဒီဖြစ်စဉ်တွေ ကျူးလွန်ခဲ့ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေလည်း နစ်နာသူတွေထဲ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ နစ်နာသူတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် ဒီအစီရင်ခံစာကို ပြုစုထုတ်ဝေခဲ့တာလို့ ညီမျှခြင်းမြန်မာရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"အဓိကအားဖြင့်တော့ နစ်နာခံစားရတဲ့ ပြည်သူတွေအပြင် တခြားသော မြန်မာပြည်သူ တရပ်လုံးရဲ့ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာအတွက် ကျမတို့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့အတွက် အဓိက မျှော်လင့်တာ ဖြစ်ပါတယ်။"

သေဆုံးသူ အရေအတွက် ထက်ဝက်ကျော်လောက်က အမျိုးသားတွေဖြစ်ပြီး၊ ကျန်တဲ့တဝက်က အမျိုးသမီးနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် ကျား၊ မ အတည်မပြုနိုင်တဲ့ ရုပ်အလောင်းတွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဟာ မြန်မာစစ်တပ်နဲ့ သူတို့ကို ထောက်ခံသူတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတချို့ကိုလည်း မှတ်တမ်းရရှိထားတယ်လို့ ညီမျှခြင်းမြန်မာက ပြောပါတယ်။ PDF အဖွဲ့တခုက ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဖြစ်စဉ်တခုနဲ့ပတ်သက်လို့ ဆက်ပြီး အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းလည်း ညီမျှခြင်းမြန်မာရဲ့ မှတ်တမ်းကောက်ယူသူတဦးက ပြောပါတယ်။

"အဲဒီအမှုမှာ ဖြစ်စဉ်ဖြစ်တာက မှန်တယ်။ ကျမတို့ အဲဒီဖြစ်စဉ် ဖြစ်ပွားတာကို အတည်ပြုပြီးသွားပြီ။ သို့သော် ကျူးလွန်တဲ့သူသည် အငြင်းပွားနေတယ်။ ဟိုဘက်ကလုပ်တယ်။ ဒီဘက်က လုပ်တယ်ဆိုတဲ့ အငြင်းပွားမှု ရှိနေတယ်။ ဆိုတော့ အဲဒီအငြင်းပွားမှုကို ကျမတို့က အတည်ပြုနိုင်ဖို့အတွက် ခက်ခဲနေတယ်ပေါ့နော်။ ဒါကြောင့်မို့ ကျူးလွန်တဲ့သူက ဘယ်သူလဲဆိုတာကို တောက်လျှောက် ဆက်တိုက်တော့ အတည်ပြုနေတယ်။ ဒါပေမဲ့ ဘယ်သူလုပ်တာပါ ဆိုတာမျိုး ပြောနိုင်တဲ့အထိတော့ မဖြစ်လာသေးဘူးပေါ့နော်။"

ဘယ်မှာ ဘယ်ဖြစ်စဉ် ဖြစ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ညီမျှခြင်းမြန်မာက မပြောပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့မှာ ပေါ်ပေါက်လာသလို၊ အရပ်သား ထိခိုက် သေကြေမှုတွေလည်း သိသိသာသာ များလာခဲ့တာပါ။ ဖြစ်ရပ်တွေမှာ အများစုကတော့ မြန်မာစစ်တပ်က ကျူးလွန်တာအဖြစ် ဖော်ပြထားပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း အဖမ်းခံခဲ့ရတဲ့ ပြည်သူတချို့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း အဖမ်းခံခဲ့ရတဲ့ ပြည်သူတချို့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

မြန်မာစစ်တပ်နဲ့ သူတို့ကို အားပေး ထောက်ခံတဲ့ အဖွဲ့တွေ ကျူးလွန်တဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ သေနတ်နဲ့ပစ်ခံရတာ၊ မီးရှို့ခံရတာနဲ့ ခေါင်းဖြတ်တာ၊ လက်နက်ကြီး ထိမှန်တာအပြင် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတာတွေ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင်၊ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေဆီ ပို့ဆောင်သွားမယ်လို့ ညီမျှခြင်းမြန်မာရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဒီဟာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ယန္တရားတွေဆိုရင် အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ကော်မရှင်လိုမျိုး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိလိုမျိုး၊ ပြီးရင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးလို နေရာမျိုးတွေမှာ ကျမတို့ ဒီအချက်အလက်တွေကို ပို့ဆောင်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ နိုင်ငံတကာမှာ Advocacy လုပ်တဲ့အခါကျရင် ကျမတို့ Advocacy Tools အနေနဲ့လည်း ဒီဟာကို ဆောင်ရွက်သွားလို့ ရပါတယ်။"

ညီမျှခြင်းမြန်မာက ရေးသားပြုစုထားတဲ့ "ရန်ငြိုးဖွဲ့ချေမှုန်းခံနေရသည့် အရပ်သားပြည်သူများ" အစီရင်ခံစာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကို လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက စာရင်းပြုစုပြီး အသီးသီး ထုတ်ပြန်နေတာ ရှိပါတယ်။ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အပေါ် ကျူးလွန်သူတွေကို နိုင်ငံတကာအနေနဲ့ ဝေဖန်ပြစ်တင်တာနဲ့တင် မလုံလောက်ဘဲ၊ ထိရောက်တဲ့ အရေးယူဒဏ်ခတ်မှုမျိုးတွေ ချမှတ်ဖို့ကိုလည်း လူ့အခွင့်အရေးဆောင်ရွက်သူတွေက တိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG