(Zawgyi)
Kashmir အရေး ကုလ ကြားဝင်စေ့စပ်ပေးဖို့ ပါကစ္စတန် ပန်ကြား
နျူးကလီးယား လက်နက် ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြား ကက်ရှမီးယား နယ်မြေကိစ္စ အငြင်းပွားနေတဲ့ ကိစ္စကို ကူညီ စေ့စပ်ပေးဖို့ ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan က ကုလသမဂ္ဂကို ပန်ကြားလိုက်ပါတယ်။
ဒါဟာ စစ်မီး စတင်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်၊ ဒါကို ဟန့်တား ပေးနိုင်ဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အရေးယူ လုပ်ဆောင်သင့်ပါတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ဝန်ကြီးချုပ် Khan က ပြောကြားလိုက်တာပါ။
အိန္ဒိယ နိုင်ငံထဲက တခုတည်းသော မူဆလင် အများစု ကိုယ်ပိုင်အုပ်ချုပ်ရေးရ ဂျမူးနဲ့ ကက်ရှမီးယား ပြည်နယ်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယ အစိုးရက သြဂုတ်လတုန်းက ပြန်လည် ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီကက်ရှမီးယား နယ်ကို အိန္ဒိယနဲ့ ပါကစ္စတန်တို့ သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား စစ်ဖြစ်ပွားတာ ၂ ကြိမ် ရှိခဲ့ပြီးပါပြီ။ အခု အခါ ၂ ခြမ်းခွဲပြီး တနိုင်ငံဆီ ထိန်းချုပ်ထားတာပါ။
အိန္ဒိယ ထိန်းချုပ်ထားတဲ့ အခြမ်းမှာတော့ ခွဲထွက်ရေး အကြမ်းဖက် လှုပ်ရှားမှုတွေ ၁၉၈၀ ပြည့်နှစ် ကတည်းက ရှိလာခဲ့တာပါ။
Davos ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ အမေရိကန် သမ္မတ Donald Trump ကလည်း ဒီကိစ္စ အတွက် ကြားဝင် စေ့စပ်ပေးဖို့ ကမ်းလှမ်းထားခဲ့ပါတယ်။