သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ မြန်မာကျန်းမာရေးအရာရှိတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ သမားတော်အဖွဲ့ တောင်းဆို


EPI အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထားထားလင်း။
EPI အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထားထားလင်း။

(Zawgyi / Unicode)

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါတဲ့သူတွေကို အာဏာသိမ်းထားတဲ့ စစ်တပ်က ဖမ်းဆီးနေတာအတွက် ရှုတ်ချကြောင်းနဲ့ သူတို့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်ရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) က တောင်းဆိုလိုက်ပါတယ်။

အခုနောက်ဆုံး အဖမ်းခံရတဲ့ သမားတော်က စစ်တပ်အာဏာသိမ်းတာကို အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဒေါက်တာထားထားလင်းဖြစ်ပြီး သူနဲ့အတူ သူ့ခင်ပွန်းနဲ့ အသက် ၇ နှစ်အရွယ် သားငယ်ကိုပါ ဖမ်းထားတာပါ။ မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ဦးဆောင်တဲ့ EPI အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထားထားလင်းဟာ ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မှာ အဖမ်းခံခဲ့ရတာပါ။

စစ်ကောင်စီက ဖမ်းထားတဲ့ထဲမှာ သူဟာ ဆေးဘက်ဆိုင်ရာမှာ ဒုတိယ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ရာထူးအကြီးဆုံး အဖမ်းခံနေရသူကတော့ ဧပြီလ ၁၂ ရက်နေ့က အဖမ်းခံရတဲ့ အရေးပေါ်ကုသမှု ဆေးပညာဌာန အကြီးအကဲ ဒေါက်တာမော်မော်ဦး ဖြစ်ပါတယ်။

ကျန်းမာရေးလုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုနေတဲ့ မြန်မာနိုင်ငံက ဆေးပညာရှင်တွေနဲ့အတူ PHR ကပါ ပါဝင်တောင်းဆိုကြောင်းနဲ့ အဖမ်းခံနေရတဲ့ ဆေးဝန်ထမ်းတွေ အားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၃ လအတွင်း ကျန်းမာရေး လုပ်သားတွေနဲ့ ဆေးရုံဆေးခန်းတွေ အတိုက်ခိုက်ခံရတာ အကြိမ်ပေါင်း ၁၇၈ ကြိမ်ရှိခဲ့တယ်လို့ PHR အဖွဲ့က မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့် မှတ်တမ်းတင်ချက်အရ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး မြန်မာ့ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၁၆၀ နီးပါးရှိပြီး သေဆုံးသူ ၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၁ ဦးရှိတယ်လို့လည်း ကုလသမဂ္ဂက မေလထဲမှာ သတင်းထုတ်ပြန်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း မြန်မာနိုင်ငံက ဆေးပညာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ပစ်မှတ်ထားမှု ခံနေရပြီး အသတ်ခံရတာ၊ ရိုက်နှက်တာ၊ ဖမ်းဆီးတာနဲ့ ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မေလထဲမှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

------------------

(Unicode)









XS
SM
MD
LG