အမေရိကန်မှာ ရွေးကောက်ခံသမ္မတ Donald Trump က အိမ်ဖြူတော်အရာရှိချုပ်တာဝန်အတွက် Republican ပါတီအတွက် မဟာဗျူဟာရေးဆွဲသူ Susie Wiles ကို ရွေးချယ်လိုက်ပါတယ်။
အမေရိကန်သမ္မတရုံးမှာ ဩဇာအညောင်းဆုံးဖြစ်တဲ့ အိမ်ဖြူတော်အရာရှိချုပ်တာဝန်အတွက် သမိုင်းမှာ ပထမဆုံးအနေနဲ့ အမျိုးသမီးတဦးကိုတာဝန်ပေးဖို့ Donald Trump က ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ Susie Wiles ဟာ ကြံ့ကြံ့ခံနိုင်သူ၊ ထက်မြက်သူ၊ ဆန်းသစ်အမြင်ရှိသူဖြစ်ပြီး အများ လေးစားခံရသူဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ Trump ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
သူဟာ အခုရွေးကောက်ပွဲမှာ Trump ပြန်လည်အနိုင်ရဖို့ အဓိကကျတဲ့ မဲဆွယ်စည်းရုံးရေးမန်နေဂျာ ၂ ယောက်ထဲက တယောက်ဖြစ်ပါတယ်။
Susie Wiles ဟာ ၁၉၈၀ ပြည့်နှစ်ပိုင်းက Ronald Reagan သမ္မတဖြစ်လာရေး စည်းရုံးမဲဆွယ်အဖွဲ့မှာ ပါဝင်ခဲ့သလို ၂၀၁၈ ခုနှစ်က Florida ပြည်နယ်မှာ Republican ပါတီဝင် Ron DeSantis ပြည်နယ် အုပ်ချုပ်ရေးမှူးအရွေးခံရအောင် ကြိုးပမ်းပေးခဲ့သူတယောက်လည်းဖြစ်ပါတယ်။
Trump အစိုးရထဲမှာပါမယ့် ဝန်ကြီးတာဝန်တွေကို လာမယ့်ရက်ပိုင်း၊ သီတင်းပတ်ပိုင်းအတွင်းမှာ ရွေးချယ်မယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးအဖွဲ့ထဲမှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဌာနဝန်ကြီးတွေ အပါအဝင် ဌာန ၁၅ ခုအတွက် ဝန်ကြီးအဖွဲ့ဝင်တွေကို သမ္မတက ရွေးချယ်ခန့်အပ်ပါလိမ့်မယ်။
တချိန်တည်းမှာ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်၊ ထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူးနဲ့ အိမ်ဖြူတော်အရာရှိချုပ် စတဲ့တာဝန်တွေလို ဝန်ကြီးအဆင့်နဲ့တန်းတူ အကြီးအကဲနေရာ ၁၀ နေရာကိုလည်း ခန့်ထားရပါတယ်။ ဒုသမ္မတနဲ့ အိမ်ဖြူတော်အကြီးအကဲ ရာထူးကလွဲလို့ တခြား ဝန်ကြီးအဆင့် ရာထူးခန့်ထားမှုတွေမှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရပါတယ်။
ရှေ့နှစ် ဇန်နဝါရီလ ၂၀ ရက် သမ္မတကျန်းကျိန်ပွဲ မတိုင်ခင် အာဏာလွှဲပြောင်းရေး ချောမွေ့စေအောင် ဆောင်ရွက်ပေးမယ်လို့ သမ္မတ Joe Biden ရော ဒုသမ္မတ Kamala Harris ပါ ကတိပေးထားပါတယ်။
Forum