ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) ဟာ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာရဲ့ အကြီးအကဲအဖြစ် ၁ဝ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို Vatican ကျောင်းတော်မှာရှိတဲ့ Santa Marta ဧည့်နန်းဆောင်မှာ Cardinals ရဟန်းအမတ်တွေနဲ့အတူ ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပပါတယ်။ တောင်အမေရိကတိုက် အာဂျင်တီးနားနိုင်ငံဖွား အသက် ၈၆နှစ်ရှိ ဘုန်းတော်ကြီးဖရန့်စစ်ဟာ ၂ဝ၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့အတွက် ဒါဟာ ပထမဆုံး လက်တင်နွယ်ဖွားတွေထဲက ရွေးချယ်ခံရတာဖြစ်ပါတယ်။ Vatican News ကနေ တနင်္လာနေ့က Podcast က ထုတ်လွှင့်ရာမှာ ပုပ်ရဟန်းမင်းကြီးက အချိန်တွေက အကုန်မြန်လွန်းတယ်။ မနေ့တနေ့ကလိုပဲ။ ဒီနေ့တရက်မကုန်သေးဘူး .. နောက်တနေ့ကူး မနက်ဖြန်ရောက်သွားပြန်ပြီလို့ ပြောသွားပါတယ်။ အဲဒီလို ပြောကြားချက်ကို တနင်္ဂနွေနေ့က သူ့ကျောင်းဆောင်မှာ အသံသွင်းရာမှာ Podcast ဆိုတာ ဘာလဲလို့ မေးပြီး သူ့ကိုရှင်းပြတော့ ကောင်းသားပဲ လုပ်ရအောင်လို့ ပြောကြောင်း Vatican News ရဲ့သတင်းထောက် Salvatore Cernuzio က ပြန်ပြောပြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဒီကနေ့ တနင်္လာနေ့ သူရဲ့ ၁ဝ နှစ်ပြည့် စုပေါင်းဝတ်ပြုပွဲကို တက်ရောက်ဖို့အတွက် အီတလီနိုင်ငံ ရောမမြို့က Cardinals ရဟန်းအမတ်တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒူးနာနေတဲ့အတွက် ဘီးတပ် ကုလားထိုင် အသုံးပြုနေရပေမယ့်လည်း ကျန်းမာရေးကတော့ ကောင်းမွန်နေတဲ့ပုံရှိပါတယ်။ ကျန်းမာရေးဆိုးလာရင်တော့ ပုပ်ရဟန်းမင်းကြီးနေရာက အနားယူမယ်၊ ဒါပေမဲ့ အသင်းတော်ကို ဒူးခေါင်းသုံးအုပ်ချုပ်ရတာမဟုတ်ပဲ ဦးနှောက်နဲ့ ဦးဆောင်ရတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလအတွင်းက ဘီးတပ်ကုလားထိုင်ကနေ လူထုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် သူရဲ့လက်ထောက်တဦးကို ပြောခဲ့ပါတယ်။