သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်း ၂ ဦး ဒီကနေ့ည စကားစစ်ထိုးမည်


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump

နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲဆွယ်စည်းရုံးလို့ သတ်မှတ်ထားကြတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ ၂ ဦးဟာ ဒေသစံတော်ချိန် ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ညမှာ စကားစစ်ထိုးကြတော့မှာပါ။​

သူတို့ ၂ ဦးဟာ တဦးနဲ့တဦး လူချင်းမတွေ့ဖူးကြသလို၊​ ဖုန်းနဲ့တောင် စကားမပြောဖူးကြပေမယ့် ဒီကနေ့ညမှာတော့ Pennsylvania ပြည်နယ်၊ Philadelphia မြို့က Constitution Center မှာ တဦးနဲ့ တဦး မလှမ်းမကမ်းမှာရပ်ပြီး စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။ မိနစ် ၉၀ ကြာမယ့် ဒီ စကားစစ်ထိုးပွဲမှာ ABC ရုပ်သံ​သတင်းဌာနက David Muir နဲ့ Linsey Davis တို့ ၂ ဦးရဲ့ မေးခွန်းတွေကို ဖြေကြားရင်း ကိုယ်စားလှယ်လောင်း ၂ ဦးဟာ တဦးကိုတဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း ၂ ဦး ရဲ့ တခုတည်းသော စကားစစ်ထိုးပွဲဖြစ်မယ့် ဒီအစီအစဉ်ကို အမေရိကန်ပြည်သူ အများအပြားကလည်း ရုပ်သံကနေ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ ဒီစကားစစ်ထိုးပွဲဟာ ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် ၈ ပတ်အလိုမှာ ပြုလုပ်တာဖြစ်ပေမဲ့ ကြိုတင်မဲပေးမှုတွေကတော့ ပြည်နယ်တချို့မှာ မကြာခင် ရက်ပိုင်းအတွင်း စတင်တော့မှာပါ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ ကိုယ်စားလှယ်လောင်း ၂ ဦးအကြား တဦးနဲ့ တဦး အသာစီးရမနေတဲ့အတွက် ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ ဒီစကားစစ်ထိုးပွဲဟာ အရေးပါပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ Joe Biden ကို ရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း Trump ကို အိမ်ဖြူတော် ပြန်ပို့မလား၊​ ဒါမှမဟုတ် လက်ရှိ ဒုသမ္မတ Harris ကို သမ္မတအဖြစ် ရာထူးတိုး ရွေးကောက်တင်မြှောက်မလားဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG