သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ သင်္ဃန်းကျွန်းဆန္ဒပြပွဲ ပစ်ခတ် ဖြိုခွဲပြီး ဖမ်းဆီးခံရ


ဖြိုခွဲခြင်းမခံရမီ တွေ့ရတဲ့ သင်္ဃန်းကျွန်းမြို့က ဆန္ဒပြပွဲ ( ဓာတ်ပုံ - CJ)
ဖြိုခွဲခြင်းမခံရမီ တွေ့ရတဲ့ သင်္ဃန်းကျွန်းမြို့က ဆန္ဒပြပွဲ ( ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်တာကိုဆန့်ကျင်တဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဒီကနေ့ဆန္ဒပြပွဲတခု ဖြိုခွဲခံရပြီး ဆန္ဒပြအမျိုးသမီး ၁ ယောက်ဖမ်းဆီးခံရပါတယ်။ မနေ့ညကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စစ်သားတွေပစ်ခတ်လို့ လမ်းမှာ ဈေးရောင်းနေသူတဦး သေဆုံးခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့လက စစ်တပ်ဖြိုခွဲစဉ် သေဆုံးခဲ့သူ ဆန္ဒပြ အမျိုးသမီးကို အထိမ်းအမှတ်ပြုတဲ့ ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန် လမ်းမပေါ်မှာ ဒီနေ့ သြဂုတ်လ ၂၇ ရက် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ အင်အား ၅၀ နီးပါးလောက်ပါတဲ့ ဆန္ဒပြပွဲအပေါ်ဖြိုခွင်းမှုအတွင်း ဆန္ဒပြအမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြတဲ့ထဲ ပါဝင်သူတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ သပိတ်စတယ် စတော့ အချိန် ၂ မိနစ်၊ တမိနစ်လောက်တော့ ရလိုက်တယ်။ ရလိုက်တဲ့ အချိန်လေးမှာပဲ သပိတ်ပြီးတော့မယ်၊ ပြည်သူတွေကို လှုံဆော်ရေးစကား ပြောတော့မယ့်အချိန်မှာပဲ ကျနော်တို့ ဖောက်ခွဲသံ၊ သေနတ်နဲ့လှမ်းပစ်တဲ့အသံကြားရတယ်။ အဲ့မှာပဲ ကျနော်တို့ လူစုခွဲလိုက်တယ်။ ခွဲပြီးတော့ ကျနော်တို့ အချိန် မိနစ်ပိုင်းအတွင်းမှာတင် စစ်အင်အားရော၊ ရဲအင်အားရော အများကြီး ရောက်လာတယ်။ အဲ့ဒီ ဖမ်းခံရတဲ့ တယောက်က လမ်းကြားထဲကို ဝင်ပြေးတယ်လို့ ကြားတယ်။ အဲ့လမ်းကြားထဲကို ရဲနဲ့ စစ်သားနဲ့ ဝိုင်းဖမ်းတာပေါ့။ အခုလည်း သပိတ်လုပ်တဲ့ နေရာအနီးက တံတားကို အတက်ရော အဆင်းရော ညှပ်ပြီး ပိတ်ထားလိုက်ပြီဗျ၊ အင်အားအများကြီးနဲ့။”
ရန်ကုန်မြို့ နေရာတော်တော်များများမှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အင်အားအများအပြားနဲ့ စစ်ဆေးတာ၊ မသင်္ကာသူတွေကို ဖမ်းဆီးတာတွေ ပိုလုပ်နေတယ်လို့မြို့ခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၆ ရက် မနေ့ညကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူငယ်တစုက စစ်ကားအနီး ဆဲဆိုသွားတယ်လို့ဆိုပြီး စစ်သားတွေ လိုက်လံပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ၁၂၁ လမ်းထိပ်မှာ လှည်းနဲ့ နို့ရောင်းသူတဦး ကျည်ထိမှန်သေဆုံးနေတဲ့အလောင်းကို ပစ်ခတ်မှုပြီးတဲ့နောက် တေ့ွခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာလိုပဲ လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့မှာ ဒီနေ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။ မန္တလေး သံဃာ့သမဂ္ဂသပိတ်၊ ပညာရေးသပိတ် စသဖြင့် မန္တလေးမှာ ထွက်နေကြ ဆန္ဒပြအဖွဲ့တွေ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။
ပြီးခဲ့တဲ့လက စစ်တပ်ပစ်ခတ် ဖြိုခွဲမှုအတွင်း မန္တလေးမြို့ ဘုရားကြီး အရှေ့ဖက်မုဒ်မှာ သေဆုံးခဲ့တဲ့ မသူသူဇင်အတွက် တလပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြတောင်သပိတ်စစ်ကြောင်းက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

“ဒီနေ့က ကျွန်တော်တို့ မသူသူဇင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထွက်ဖြစ်တာပါခင်ဗျ။ အင်အားကတော့ ၄၀၊ ၄၀ ပတ်ဝန်းကျင်လောက်ရှိပါတယ်။ လုံခြုံရေးအခြေအနေကတော့ ဒီနေ့က နည်းနည်းကြပ်တဲ့ အခြေအနေမှာ ရှိတယ်ဗျ။ သပိတ်စစ်ကြောင်းတခုက လုံခြုံရေး အခြေအနေအရ ရွှေ့လိုက်ရတယ်လို့တော့ ကြားပါတယ်ဗျ။”

စစ်အာဏာသိမ်းခဲ့တာ ၇ လကြာလာပြီး လုံခြုံရေးတင်းကြပ် ဖမ်းဆီးမှုတွေ ရှိတဲ့ကြားက မုံရွာ၊ ကလေး၊ ထားဝယ်၊ လောင်းလုံ၊ ရွေဘို၊ မြိုင်၊ မကွေးနဲ့ ဆားလင်းကြီး ယင်းမာပင်မြို့နယ်က ရွာတွေ စုပေါင်းထားတဲ့ ရွာပေါင်းစုသပိတ် စတဲ့နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပြီး ပြုလုပ်ခဲ့ကြပါတယ်။

...............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG