သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမြို့ပေါ် တာဝန်ကျ ယာဉ်ထိန်းရဲတဦး ပစ်ခတ်ခံရ


ကလေးမြို့က ဆန္ဒပြပွဲတခု
ကလေးမြို့က ဆန္ဒပြပွဲတခု

(Zawgyi/Unicode)

မုံရွာမြို့ မီးပွိုင့်တစ်ခုမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လည်ပိုင်းက သေနက်နဲ့အနီးကပ်ပစ်ခတ်ခံရပါတယ်။ တချိန်တည်းမှာတော့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ပြီး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ဖမ်းဆီးမှု ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ အကြောင်း ရန်ကုန်က ပေးပို့ထားတာကို အလိမ္မာပြောပြပါမယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၁နာရီ ဝန်းကျင်က မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းထောင်က မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲ တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုယ်စားပြု သံမဏိအဖွဲ့က ကိုခွန်ဆာက VOA ကို ပြောပါတယ်။

“ဒီနေ့ စက်တင်ဘာ ၂၂ ဒီနေ့၊ မနက်ပိုင်း ၁၁ နာရီခွဲလောက်က စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ တစ်ဦးကို ပြည်သူတစ်ယောက်က ဝင်ပစ်သတ်သွားတာ၊ နေရာမှာတင် သေဆုံးတယ်။ အခု စစ်ကောင်စီနဲ့ ပတ်သက် ဆက်စပ်တဲ့ အုပ်စုတွေ အဲ့ဒီနေရာမှာ အင်အား အလုံးအရင်းနဲ့ စစ်ဆေးရေး လုပ်နေတာတွေ ရှိတယ်ဗျ။”

အခုလိုပစ်ခတ်မှုဖြစ်သလို မုံရွာပင်မ သပိတ်စစ်ကြောင်းကလည်း ‘ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ တို့ဆင်နွဲ’ ဆိုတဲ့ ခေါင်းစည်းစာတန်းနဲ့ ဗိုလ်ချုပ်လမ်း မြို့လယ်မီးပွိုင့်အထိ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဖမ်းဆီးဖြိုခွဲတယ်ဆိုတဲ့သတင်းတော့ မကြားရပါဘူး။

အင်တာနက်ဖြတ်တောက်ခံရတဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က မကျီးကန်ရွာ၊ ကြာပင်လှရွာနှင့် ပါရမီရွာတို့မှာတော့ စက်တင်ဘာ ၂၁ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ အဲ့ဒီက ဒေသခံတွေက ပြောပြပါတယ်။

မနေ့ညနေပိုင်းက ကြာပင်လှရွာကို ရောက်လာချိန်မှာ စစ်သားတွေ စားသောက်ဖို့အတွက် ရွာကအမျိုးသမီး တွေကို ဖမ်းဆီးပြီး ထမင်းဟင်းချက်ပြုတ်ခိုင်းသလို နေအိမ်အတော်များများ ကိုလည်း ဝင်ရောက်ဖျက်စီး မွှေနှောက်ပြီး ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ရွာကအမျိုးသားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက VOA ကို ခုလို ပြောပြပါတယ်။

“ကြာပင်လှကို မနေ့က ညနေပိုင်း မှောင်တဲ့အခါမှာ ထပ်သွားပြီးတော့ ကြာပင်လှရွာက အမျိုးသမီး တွေကို ဖမ်းပြီးတော့ သူတို့ စားဖို့သောက်ဖို့ထမင်းချက်ခိုင်းပါတယ်တဲ့၊ ညပိုင်းမှာ သူတို့ လူမရှိတဲ့ အိမ်တွေကိုတော့ သော့တွေရိုက်ဖျက်တယ် လိုချင်တာတွေယူသွားတယ် အိမ်တိုင်းစေ့လိုလိုကို အဲ့လိုလုပ်သွားတယ်ဗျ၊ အဲ့လိုလုပ်သွားပြီးတော့ အခု ဒီကနေ့မနက်မှာလည်း သူတို့ အင်အား ၁၀၀ လောက်နဲ့ ကြာပင်လှရွာက အမျိုးသား ၅ ယောက်ကို ဖမ်းပြီးတော့ ကြာပင်လှရွာရဲ့ ဟိုဘက်က ပါရမီရွာဆိုတဲ့ဆီကို သွားဖို့အတွက် ၅ယောက်ဖမ်းပြီးတော့ လူသားဒိုင်းအဖြစ်နဲ့ တစ်ခါအသုံးချ ပြီးတော့ အခု အခု လက်ရှိအချိန်မှာ ပါရမီရွာကို ရောက်နေပါတယ် အကြမ်းဖက်စစ်ကောင်စီက။”

မနေ့ညနေပိုင်းက မကျီးကန်ရွာကနေ ကြာပင်လှရွာသို့ ပြန်လာတဲ့ ပန်းရံအလုပ်သမားအမျိုးသား ၉ ဦးကို ခေတ္တခဏ ဖမ်းဆီးပြီး မကြာခင်မှာ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိချိန်မှာ မကျီးကန်ရွာနဲ့ ကြာပင်လှရွာမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး အဲ့ဒီဒေသတစ်ဝိုက် ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် နီးစပ်ရာ ဒေသခံအများစုက ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

ပြီးတဲ့ခဲ့ ရက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လှုပ်ရှားနေတယ်လို့ ဒေသခံတွေက VOA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာတာကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ခြမ်းကကျေးရွာတော်တော်များများက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့က စည်ပင်ရုံးရှေ့မှာလည်း ဒီကနေ့ မနက်ပိုင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ အထိအခိုက်မသိရပါဘူး။ ကျောက်ဆည်မြို့မှာလည်း မနေ့ညနေပိုင်းက ပေါက်ကွဲမှု တစ်ချို့ ရှိခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ပေါက်ကွဲမှု ပစ်ခတ်မှု ဖမ်းဆီးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး လျှပ်တပြတ်ဆန္ဒပြပွဲတွေကလည်း ဆက်ရှိနေပါတယ်။ ဒီကနေ့မှာ ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ၊ ရွေဘို၊ လောင်းလုံ၊ လက်ပံတောင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ဆန္ဒပြမှုတချို့ ရှိခဲ့ပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG