သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ စာသင်ကျောင်း ထောင်ချီ တည်ဆောက်မယ့် တရုတ်ရဲ့ အစီအမံ 


(Zawgyi / Unicode)

အစ္စလာမ္မစ်အစွန်းရောက် IS ကို အောင်ပွဲဆင်နိုင်ပြီဖြစ်ကြာင်း အီရတ်က ကြေညာခဲ့တာ ၅ နှစ်ကျော်လာပြီဖြစ်ပေမဲ့ နိုင်ငံရဲ့ဒေသအများအပြားကတော့ စစ်ဒဏ်ကနေ ပြန်ပြီး နာလန်မထူသေးပါဘူး။ နိုင်ငံမှာ စာသင်ကျောင်းအသစ် ၁၂,၀၀၀ လိုအပ်နေတယ်လို့ အစိုးရကပြောဆိုထားပြီး တရုတ်အပါအဝင် ပြည်ပ နိုင်ငံတွေက အကူအညီကို ရှာဖွေနေတာဖြစ်ပါတယ်။ သဘောတူညီချက်တွက သေချာရေရာမှုမရှိပေမဲ့လည်း အီရတ်တွေကတော့ ကျောင်းသစ်တွေရရှိရေးကိုသာ စိတ်အားထက်သန်နေကြပါတယ်။ Namo Abdullah ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် က တင်ပြပေးထားပါတယ်။

မိုလ်ဆူးမြို့က Ghasaanya ကျောင်းဟာဆိုရင် စစ်ဖြစ်ရင်ကြုံရတဲ့ သာဓကတခု ဖြစ်ပါတယ်။ အီရတ်နိုင်ငံမြောက်ပိုင်းမြို့မှာ မျိုးဆက်ပေါင်းများစွာတက်ရောက်ခဲ့တဲ့ တချိန်က စည်ကားလှတဲ့ကျောင်းဖြစ်ပါတယ်။ ကျောင်းသားဟောင်း Fahd Aabdul-Salam က အခုလို ပြောပါတယ်။

"ကျောင်းနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေရှိပေမဲ့ အခုတော့ မိုဆူးလ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ကျောင်းလည်းပျက်စီးသွားပါပြီ။"

အစ္စလာမ္မစ်အစွန်းရောက် IS ကို တိုက်ထုတ်တဲ့ အီရတ်စစ်ပွဲအတွင်း ကျောင်းတွေအပါအဝင် နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။ နိုင်ငံတဝန်းမှာ ကျောင်းပေါင်း ၁၂,၀၀၀ လောက်လိုမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ကျောင်း ၈,၀၀၀ တည်ဆောက်ဖို့ တရုတ်လုပ်ငန်းတွေနဲ့လည်း လတ်တလော စာချုပ်လက်မှတ်ထိုးထားပါတယ်။ ကနဦးလုပ်ငန်းစဉ်အနေနဲ့ ကျောင်း ၁,၀၀၀ စတင်တည်ဆောက်နေပြီဖြစ်ပြီး ဒီစီမံကိန်းက ၈ နှစ်လောက် ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ စာသင်ခန်းမှာ လူတွေများလွန်းလို့ ညည်းငြူနေကြတဲ့ Abdullah Abdullah တို့လို ကျောင်းသားတွေကတော့ ဒီသတင်းကို ကြိုဆိုကြပါတယ်။

"စာသင်ခန်းမှာလူများလွန်းတော့ သိပ်ဆူညံနေပြီး နောက်ပိုင်းမှာ ထိုင်ကြရတဲ့ ကျနော်တို့လို ကျောင်းသားတွေအတွက်တော့ သင်ခန်းစာကို ကောင်းကောင်းနားထောင်လို့ မရပါဘူး။ "

ဒါပေမဲ့ သမားရိုးကျမဟုတ်တဲ့ ဘဏ္ဍာရေးဆိုင်ရာအစီအစဉ်ဟာဆိုရင် အဆင့်မမီတဲ့ ကျောင်းတွေဖြစ်သွားမယ့်အရေး အီရတ်တချို့က စိုးရိမ်ကြပါတယ်။ ကာဒ့် - အီရတ် အဆင့်မြင့်ပညာရေးဝန်ကြီးဟောင်း Dlawer Ala’Aldeen က တရုတ်ရဲ့ စီမံကိန်းတွေ ကိုင်တွယ်ဆောင်ရွက်မှုကို ရှင်းပြပါတယ်။

"ဈေးလျှော့ပြီး အီရတ်တွေကိုတဆင့် ကန်ထရိုက်ပေးပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးမှာတော့ အီရတ်တွေ အရှုံးပေါ်ရသလို ငွေကြေးမတည်မှုကလည်း ချေးငွေ မဟုတ်ပါဘူး။ ရေနံနဲ့တဆင့် ပေးရတာပါ။ "

တဆင့်ခံကန်ထရိုက်မှာလည်း ပွဲစားကငွေဖြတ်ယူတဲ့အန္တရာယ်ကလည်း ရှိပါတယ်။ အီရတ်- တရုတ် ဆက်ဆံရေး သုံးသပ်သူ Sardar Aziz က အခုလို သုံးသပ်ပါတယ်။

" ဒီလိုသာဆိုရင်တော့ ကျောင်းကို အမှန်တကယ်တည်ဆောက်တဲ့သူထံ ငွေ သိပ်မရောက်တော့တဲ့သဘော ဖြစ်ပါတယ်။ ငွေ သိပ်မရောက်တော့ရင် အရည်အသွေးကလည်း မကောင်းပါဘူး။ စီမံကိန်းမှာ ပါဝင်သူတွေ ပိုပြီး များလာရင် လက်ရှိ အီရတ်ရဲ့ အခြေအနေအရ အဂတိ လိုက်စားမှုတွေ ပိုပြီးများလာနိုင်ပါတယ်။"

ဘဂ္ဂဒက်က တရုတ်သံရုံး၊ နောက် စီမံကိန်းမှာပါဝင်တဲ့ Power China နဲ့ Sinotec တို့ကို ဗွီအိုအေက အီးမေလ်းပေးပို့ပြီးမေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။ တရုတ်အပြင် ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ကလည်း အီရတ်နိုင်ငံတွင်း ပညာရေးစနစ် ပြန်လည်တည်ဆောက်ရေးမှာ ကူညီနေကြပါတယ်။ ဒါပေမဲ့ လတ်တလောနှစ်ပိုင်းတွေအတွင်း အီရတ်မှာ အမေရိကန်ရဲ့ အခြေချလုပ်ဆောင်မှုက လျော့ကျလာနေပြီး တရုတ်ဘက်က ဝင်ရောက်မှုကတော့ သိသိသာသာ တိုးလာနေပါတယ်။ တရုတ်လုပ်ငန်းကြီးတွေက ရေကာတာတွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ရေနံအတွက် စီမံကိန်းများ သဘောတူညီချက် တစိတ်တပိုင်းအရ သိပ္ပံ မြို့တခုကိုလည်း တည်ဆောက်နေတာပါ။

Irbil က Salahaddin တက္ကသိုလ်ရဲ့ တရုတ်ဘာသာစကားဌာနကိုလည်း ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မန်ဒရင်း တရုတ်စာသင်ဖို့ တရုတ်က ဆရာတွေလည်း ရောက်လာပါတယ်။ အီရတ်နိုင်ငံမှာ တရုတ်ဘက်က ဝင်ရောက်လုပ်ကိုင်မှု တိုးလာတာကြောင့် စီးပွားရေးအခွင့်အလမ်းတွေရှိလာဖို့ မျှော်လင့်ကြောင်း ကျောင်းသူတဦးဖြစ်တဲ့ Rayyan Mustafa Qadir က ပြောပါတယ်။

" တရုတ်ဘာသာစကားက ကမ္ဘာမှာ အရေးကြီးဆုံးတခုဖြစ်တယ်လို့ ယူဆလို့ ကျမ ရွေးချယ်ခဲ့တာပါ။ အလုပ်ကောင်းကောင်း ရနိုင်မယ်လို့ထင်ပါတယ်။"

တရုတ်စာသင်ကြားမှုကနေ ကျောင်းတွေဆောက်လုပ်မှုအဆုံး နိုင်ငံပြန်လည်တည်ဆောက်ရးမှာ တရုတ်ရဲ့ကူညီမှုကို အီရတ်ပြည်သူအများအပြားက ကြိုဆိုကြပါတယ်။ ကျောင်းသားဟောင်းတဦးဖြစ်တဲ့ Fahd Abudl-Salam အတွက်တော့ ဘယ်နိုင်ငံက အီရတ်ကိုကူညီသလဲဆိုတာက အကြောင်းမဟုတ်ပါဘူး။ စာသင်ကျောင်းတွေ ပြန်ကောင်းလာတာကိုဘဲ သူက တွေ့မြင်ချင်နေတာ ဖြစ်ပါတယ်။

============

(Unicode)














XS
SM
MD
LG