သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ နေစရာအခက်တွေ့


မြောက်ဦးမြို့ ဒုက္ခသည်စခန်းတခုထဲတွင် တွေ့ရသည့် ရခိုင် စစ်ပြေးဒုက္ခသည်တချို့။ အောက်တိုဘာ ၂၈၊ ၂၀၁၂။
မြောက်ဦးမြို့ ဒုက္ခသည်စခန်းတခုထဲတွင် တွေ့ရသည့် ရခိုင် စစ်ပြေးဒုက္ခသည်တချို့။ အောက်တိုဘာ ၂၈၊ ၂၀၁၂။

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နောက်ထပ် ထွက်ပြေးလာရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ယာယီခိုလှုံဖို့ မြေနေရာလျှောက်ထားတာကို ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးဘဲ ငြင်းဆန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံနေရတာကြောင့် နောက်ထပ် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဒီလထဲမှာပဲ ရသေ့တောင်မြို့ပေါ်ကို ခိုလှုံလာကြတာကြောင့် ယာယီနေထိုင်ဖို့ မြေနေရာ လျှောက်ထားခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ရသေ့တောင်မြို့နယ်ဟာ စစ်ရှောင်ဒုက္ခသည် အများဆုံးမြို့နယ်တစ်ခုအဖြစ် ခန့်မှန်းခြေ ၃၀,၀၀၀ ကျော် ရှိနေသလို နောက်ထပ်လည်း တိုးလာနေတာကြောင့် နေစရာ စီစဉ်ပေးဖို့ ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းခဲ့ပေမဲ့ ငြင်းပယ်ခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ရသေ့တောင်မြို့ပေါ်မှာ အားနေတာဆိုလို့ အားကစားကွင်း တစ်ခုပဲ ရှိတော့တယ်။ အဲဒီမှာလည်း မသုံးတဲ့နေရာက အများကြီးပဲ။ အားကစားပြိုင်ပွဲတွေလည်း မလုပ်တာလည်း ကြာပြီ။ နောက်ပြီးတော့ မြို့မ၊ မြို့နဲ့ ထွေအုပ်ကလည်း အဲတာကို လျှောက်ဖို့အကြံပေးနတယ်။ အဲတာနဲ့ အဲဒီမြေကို သွားပြီးတော့ လျှောက်တာ။ ဇူလိုင် ၁ ရက်နေ့က သွားပြီးတော့ လျောက်တာ။ ၁၃ ရက်နေ့မှာ အကြောင်းပြန်တယ်။ အဲဒီမြေနယ်ရာကို မပေးနိုင်ဘူးဆိုပြီးတော့။"

စစ်ရှောင်တွေအတွက် မြေနေရာတောင်းခံတဲ့နေရာဟာ ဘောလုံးကွင်းဖြစ်နေတာကြောင့် ပြည်နယ် အစိုးရက ခွင့်ပြုပေးလို့မရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

"သူတို့တောင်းဆိုတဲ့နေရာက ဘောလုံးကွင်းကြီးဖြစ်နေတယ်။ အဲတာက အားကစားဝန်ကြီးဌာနကို ပြောပြီးမှ ရမှာလေ။ အဲတာကြောင့် တခြားမြေကွက်ကို ရှာပါဆိုပြီးတော့ ပြောတာဖြစ်တယ်။"

စစ်ရှောင်ဒုက္ခသည်တွေ များလာတာနဲ့အမျှ ရသေ့တောင်မြို့ပေါ်မှာ နေစရာမရှိတော့တာကြောင့် စစ်တွေအပါဝင် တစ်ခြားမြို့နယ်တွေကို သွားနေကြရပါတယ်။ စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့သူတွေ ရှိပေမဲ့ မြေနေရာ အခက်အခဲရှိနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ICRC နဲ့ ချိန်ထားတယ် အလှူရှင်တွေနဲ့ ချိတ်ထားတယ်။ အဆောက်အဦးတွေ အိမ်သာတွေဘာတွေ ဆောက်မယ် ဆိုပြီး လိုအပ်ချက်တွေကို တင်ပြထားတယ်။ သူတို့လည်းပေးတယ်။ ဒါပေမယ့် ဆောက်ဖို့ မြေမရှိဘူး ဆိုတာ့ အခက်အခဲတော်တော်ဖြစ်တယ်။ အခုလည်း မြေရှာနေတုန်းပဲ။"

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွားထွက် ပြေးလာကြရတဲ့ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျော်အထိ ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီက ၆၀ ရာခိုင်နှုန်းဟာ ကလေးတွေနဲ့ ၁၈ နှစ်အောက်တွေဖြစ်တယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာလည်း ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတာတွေ လေပြင်းတိုက်ခတ်တာတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေ နောက်ထပ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရသေ့တောင်မြို့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

"အခုလောလောဆယ် ကျနော်တို့ ရခိုင်ပြည်နယ် ရာသီဥတုအခြေအနေက ကျနော်တို့ရသေ့တောင်ဘက်မှာဆိုရင် မိုတွေ၊ လေတွေ ကြီးပြီးတော့ အခြေအနေဆိုးနေတယ်ဆိုတော့ခါ စစ်ရှောင်တွေမှာတော့ ကျန်းမာရေး ပညာရေး စားဝတ်နေရေးက အစ တော်တော်ခက်ခဲနေကြတာဗျာ။"

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သာမက မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပေမဲ့ အခုအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း မကြာသေးခင်ကပဲ သတိပေးထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG