သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်၊ အရပ်သားထိခိုက်သေဆုံးမှုရှိ


ရခိုင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ထွက်ပြေးရသူများ
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ထွက်ပြေးရသူများ

ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ရသေ့ တောင် မြို့နယ် ထဲမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားနေတယ်လို့ တပ်မတော်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးအတွင်း ဒေသခံရွာသား ထိခိုက်သေဆုံးမှုတချို့ ရှိသလို၊ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေလည်း တိုးလာနေပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ အတွင်းပိုင်းဒေသတွေအထိ ဝင်ရောက်လာနေတာကြောင့် ဒေသခံတွေကြား လုံခြုံရေး စိုးရိမ်မှုတွေ ပိုများလာနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသားဒေသတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျှော့ချဖို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) နဲ့ ရခိုင့်တပ်မတော်အပါဝင် တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့တို့ကနေ သဘောတူညီခဲ့ကြပြီး နောက်မှာကိုပဲ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ ဒီကနေ့မှာကိုပဲ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်ဘက်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီမနက်မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“ဒေသအခေါ်လင်းမြွေတောင်ကျော မြောက်ဦးနဲ့ကျောက်တော်အကြားမှာ ကျွန်တော်တို့လမ်းလုံခြုံရေး ဆောင်ရွက် နေတဲ့စစ်ကြောင်းကို မနက်တနာရီလောက်ကနေ စတိုက်တယ်။ နှစ်ကြိမ်လောက်လာပြီး အင်အားအလုံး အရင်းနဲ့ တိုက်တယ်။ အင်အား(၁၅၀)လောက်ရှိတယ်။ မနက်ပိုင်းကတော့ ကျွန်တော်တို့ဆီက ပြန်လည်တိုက်ခိုက်တယ်။ မနက်(၅)နာရီမှပြီးတယ်။ ရန်သူ့ဘက်ကတော့ ကျွန်တော်တို့ အလောင်းတွေ လက်နက်တွေ ရလိုက်ပါတယ်။ လက် နက်နဲ့ ဆက်စပ်ပစ္စည်းတွေလည်းရလိုက်ပါတယ်။”

ဒီတိုက်ပွဲဖြစ်စဉ်အတွင်း တောင်ဦးရွာကနေအိမ် တချို့ပျက်စီးမှုရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကအခုလိုပြောပါတယ်။

“တိုက်ပွဲကပြင်းထန်ပါတယ်။ ထိခိုက်မှုကတော့ တောင်ဦးကျေးရွာကနေအိမ်ခေါင်မိုးမှာ အမြှောက်ကျပြီးတော့ အမိုးတွေပေါ့နော် ပြီးတော့ ပြတင်းပေါက်တွေ ပွင့်ထွက်သွားတယ်။”

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဘက်မှာလဲ ဒီမနက်မှာ တိုက်ပွဲဖြစ်ပွား နေတယ်လို့ ရေမျက်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးမောင်ထွန်းသာကပြောပါတယ်။

“ကျောက်ကုန်ပုတ်နဲ့ပဲသဒူကြား ၊ ပဲသဒူချောင်းထဲမှာဖြစ်တယ်လို့ကြားတယ်။ (၉)နာရီ(၁၅)က ကြားတာက (၁)နာရီ ကျော်လောက်အထိ အသံတွေကြားနေရတယ်။ သေနတ်သံတို့ လက်နက်ကြီးသံ လက်နက်ငယ်သံတွေကြားတယ်။”

ပဲသဒူရွာအကြားဖြစ်တဲ့တိုက်ပွဲအတွင်း ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း ဒေသသခံတွေကပြောပါတယ်။

ဒီကနေ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေမှုနဲ့ပက်သက်လို့ရခိုင့်တပ်မတော်ဘက်ကိုဆက်သွယ်ခဲ့ပေမယ့်လဲအဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်ရေးပဋိပက္ခတင်းမာနေတဲ့ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဆင်ရေးလုပ်ဆောင်နေရာမှာ အရပ်သား သေကြေ ထိခိုက်မှုတွေလည်း တိုးလာနေတာပါ။

မနေ့က ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာသား လှေကူးတို့ သမားတစ်ဦးကို ရေစိုးချောင်းတပ် က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အမျက်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းကပြောပါတယ်။

“သူကလူနှစ်ယောက်နဲ့ ရေစိုးချောင်းကို ကူတို့ပို့ဖို့သွားပါတယ်။ အဲဒီအပြန်ကနေ သူလာတဲ့အခါ တပ်ကနေပြီး လှမ်းပစ်တယ်လို့ပြောပါတယ်။”

မနေ့ကမနက်(၁၁)နာရီကျော်ကျော်လောက်မှာ ရေစိုးချောင်းကနေစက်လှေမောင်းပြန်လာတဲ့ မောင်ချေကို ရေစိုးချောင်း အခြေစိုက် တပ်ကနေ ခေါ်ရာမှာ သေနတ်ပစ်ဖောက်လို့ကြောက်လန့်ထွက်အပြေးမှာ မြန်မာစစ်တပ် ကနေ လက်နက်နဲ့ပစ်ခတ်ထိမှန်သေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပက်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“စံပေါ်ချောင်းထဲမှာ စက်လှေတစင်းကျွန်တော်တို့တွေ့တယ်။ မသင်္ကာစရာ လူတယောက်မောင်းလာတဲ့ စက်လှေ တစင်းကျွန်တော်တို့ တွေ့တယ်။ ပြောက်ကျား ဘောင်းဘီဝတ်ပြီးမောင်းလာတယ်။ စစ်ဆေးဖို့ကျွန်တော်တို့ရပ်တန့် ခိုင်းတယ်။ ရပ်တန့်မှု မရှိဘူးမောင်းပြေးတယ်။ အဲတာနဲ့တချိန်ထဲတပြိုင်ထဲဘဲ စံပေါ်ချောင်းရဲ့အနောက်ဖက် ကမ်း ကနေပြီးတော့ (၁၀)ယောက်လောက်က ဓနိတောကနေ ကျွန်တော်တို့စစ်ကြောင်းရှိရာ ချောင်းကိုကျော်ပြီးလှန်း ပစ်တယ်။ (၁၀)မိနစ်ခန့်ကျွန်တော်တို့အပြန်အလှန်ပစ်ခဲ့တယ်။ ပစ်နေတဲ့ကာလအတွင်းမှာဘဲ စက်လှေပေါ် အရပ် ဝတ်နှစ်ဦးကလဲ ချောင်းထဲခုန်ဆင်းပြီးထွက်ပြေးသွားတာတွေ့လိုက်ရတယ်။ ဖြစ်စဉ်ကတော့အဲတာဘဲ။”

အလားတူ ဒီကနေ့မှာလဲ မင်းပြားမြို့နယ်အတွင်း ကုလားမတောင်ရွာက လူ ၄ ဦးလိုက်ပါလာတဲ့ စက်တပ်လှေငယ် တစ်စီးကို စစ်တပ်ကနေပစ်ခတ်လို့စက်လှေမောင်းသူတစ်ဦး ဒဏ်ရာရသွားတယ်လို့ ကျန်းရိပ်ကရုဏာဖောင်ဒေး ရှင်းတာဝန်ခံ ဦးသိန်းထွန်းကပြောပါတယ်။

“စက်လှေသမားက တပ်ကလှမ်းခေါ်တာ သူကမကြားဘူးလို့ပြောတယ်။ တပ်ကတော့ ရာမောင်းဖက်မှာ သူတို့က စစ်ဆေးနေတာတွေ လုပ်တာတွေရှိတယ်။ အဲတာနဲ့ စက်လှေနဲ့ သွားတာမှာ တပ်ကလှမ်းပစ်တာမှာနဲနဲ ထိတယ်လို့ပြောတယ်။ မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာက။ ဒဏ်ရာအခြေအနေကတော့ နဲနဲထိသွား တယ်လို့ပြောတယ်ခင်ဗျ။”

မြောက်ဦးမြို့နယ်အတွင်းမှာလဲ AAနဲ့ပက်သက်တယ်ဆိုပြီးသံသယနဲ့စစ်ဆေးဖမ်းဆီးခံထားရတဲ့သူတွေ များပြားနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကအခုလိုပြောပါတယ်။

“ဒီလအတွင်းမှာဘ ဲကျွန်တေ်ာတို့ဖယ်ကြီးကတယောက်ရယ်။ ကျောင်းတောင်ကျေးရွာက(၆)ဦးရယ်။ ပြီးတော့နွားရှာ သွားတဲ့(၄)ဦးရယ်။ ဆိုတော့ဖမ်းဆီးမှုတော့ ရှိပါတယ်။ ကျွန်တော်သိသလောက် ကတော့(၁၆)ဦးတော့ရှိပါတယ်။”

ခုလိုဖမ်းဆီးမှုတွေအပြင် တိုက်ပွဲကြောင့် လုံခြုံရေးစိုးရိမ်မှုတွေ တိုးလာနေသလို ၊ အိုးအိမ်စွန့်ခွာထွက်ပြေးသူ စစ်ရှောင်ဦးရေဟာလည်း (၂၀၂၀၀) ကျော် တိုးပွား လာနေတယ်လို့ ရခိုင်လူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာလဲ မြန်မာ့တပ်မတော်နဲ့AAတို့တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ(၂၀၀၀) ကျော်ရှိနေတယ်လို့ ပလက်ဝမြို့နယ် စစ်ရှောင်အရေးကူညီသူတွေကဆိုပါတယ်။

ဒီအထဲ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကိုတိမ်းရှောင်နေတဲ့ဦးရေ(၂၃၀)ခန့်ရှိနေတာပါ။ ဒီစစ်ရှောင်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ပလက်ဝမြို့နယ်လူမှုပရဟိတအဖွဲ့တွေနဲ့ချင်းပြည်နယ် ကုလသမဂ္ဂ နိုင်ငံတ ကာကလေးသူငယ်များအပေါ် အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့တို့မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ ပြီး နှစ်နိုင် ငံချိတ်ဆက်တင်ပြသွားဖို့စီစဉ်သွားမယ်လို့ ပရဟိတအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတင်ထွန်းအောင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG