သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျအဆုံးစာရင်း AA ထုတ်ပြန်ချက် တပ်မတော်ငြင်းဆန်


ရခိုင်ပြည်နယ်ရှိ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇)
ရခိုင်ပြည်နယ်ရှိ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇)

စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁,၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက်ကတော့ ဒါဟာ ဝါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။ ဒါ့အပြင် အခု ဇွန်လအတွင်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျလာပြီး လုံခြုံရေးအခြေနေ တိုးတက်လာတယ်လို့လည်း မြန်မာ့တပ်မတော် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်း ပေးပို့ထားတာပါ။

ဒီနှစ် ဇန်နဝါရီလကနေ မေလအထိ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အရေအတွက် ၅၀၀ ခန့်ရှိနေပြီး ဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ၁,၂၀၀ ကျော် ကျဆုံးခဲ့တယ်လို့ AA ဘက်ကနေ သတင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ AA ဘက်က သတင်းထုတ်ပြန်သလောက် ကျဆုံးမှု မရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

“မရှိပါဘူး။ အဲဒီလောက်အရေအတွက်။ တချို့မီဒီယာမှာလည်း ကျနော် ဖြေခဲ့တယ်။ အဲဒီအရေအတွက် မရှိပါဘူး။ ဒါကတော့ သူတို့ရဲ့ဝါဒဖြန့်ချိမှု သက်သက်ပဲ ဖြစ်မှာပေါ့ဗျ။”

ဒီဇွန်လပိုင်းမှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု နည်းလာသလို ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအရ တိုးတက်လာတဲ့ အနေအထား ရှိနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

“ထိတွေ့တိုက်ခိုက်မှုတော့ နည်းသွားတယ်လို့ အဲဒီလိုတော့ သုံးသပ်လို့ရတယ်။ လုံခြုံရေးအရ နည်းနည်း တိုးတက်လာတဲ့ အနေအထားတော့ ရှိတယ်။ သို့သော် ကျနော်တို့ လဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ မိုင်းဖြစ်စဉ်တွေတော့ ရှိသေးတဲ့ အတွက်ကြောင့် အကုန်လုံးတော့ လုံခြုံမှု အာမခံချက် အပြည့်မရှိဘူးလို့ ကျနော်တို့ ပြောရလိမ့်မယ်။ အရင်ကထက်စာရင် နည်းနည်း တိုးတက်လာတာပေါ့လေ။”

နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ AA နဲ့တိုက်ပွဲပေါင်း ၂၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး AA အဖွဲ့ရဲ့ အလောင်း ၁၀၀ နီးပါးရရှိပြီး အရှင်ဖမ်းမိသူ ၄၆ ဦး ကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့မေလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်နဲ့ AA တို့အကြားဖြစ်တဲ့ တိုက်ပွဲအတွင်း ကျဆုံးမှု စာရင်းကိုတော့ နှစ်ဘက်တပ်စလုံးက ငြင်းဆန်ခဲ့ပါတယ်။ တိုက်ပွဲတွေ လျော့ကျလာတယ်လို့ မြန်မာစစ်တပ်ပြောခွင့်ရသူက ဆိုပေမဲ့ မနေ့က တရက်ထဲမှာတင် ဘူးသီးတောင်မြို့နယ်တွင်းမှာ တိုက်ပွဲနေရာ သုံး နေရာ ဖြစ်ခဲ့တယ်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက ပြောပါတယ်။

“တိုက်ပွဲ သုံး နေရာတောင် ဖြစ်တာရှိတယ်။ ဇွန်လ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှာ ဘူးသီးတောင်မြို့နယ် တောင်ရွာရဲ့ အရှေ့မြောက်ဘက် ၁.၂ ကီလိုမီတာအကွာ တောင်တန်းပေါ်မှာ အင်အား ၂၀၀ လောက်ရှိတဲ့ မြန်မာ့တပ်မတော် စစ်ကြောင်းကို ရခိုင့်တပ်မတော်ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ နောက်ပြီးစိုင်းဒင်ချောင်းရဲ့ အနောက်ဘက်က ရန်သူ့အင်အား ၃၅၀ လောက်ရှိတဲ့ စစ်ကြောင်းက ကျနော်တို့ ရခိုင့်တပ်တော်ရှိတဲ့ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာဖြစ်တာ။ နောက်ပြီးတော့ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ မနက်က တိုက်ပွဲဖြစ်ခဲ့တဲ့ တောင်ရွာရဲ့ အရှေ့မြောက်ဘက် အဲဒီမှာ ဒုတိယအကြိမ် တိုက်ပွဲထပ်ဖြစ်တာ။ မနေ့က ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ သုံး ပွဲအတွင်းမှာ ရန်သူ့ဘက်ကနေပြီးတော့ အရာရှိတဦး အပါအဝင် စုစုပေါင်း ၁၈ ဦး ကျဆုံးတာရှိတယ်။ အဲဒီမှာ ဒဏ်ရာရသူလည်း ရှိတယ်။”

ဒီတိုက်ပွဲစဉ်အတွင်း တပ်မတော်ဘက်က ထိခိုက်မှု များပြားတယ်လို့ AA ဘက်ကပြောနေသလို သီးခြား အတည် မပြုနိုင်သေးပါဘူး။ ဒီလို တောင်ရွာဘက်မှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် ရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ အနီးနားနွားရုံတောင် ရွာသား တဦးက ပြောပါတယ်။

“တိုက်ပွဲက ဟိုတနေ့ကလည်း ဖြစ်တယ်။ ဖုံညိုလိပ် တဘက်က ဘူးသီးတောင် မြို့နယ်ထဲမှာ ရွာသားတွေ ထွက်ပြေးနေရတယ်။"

တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်းထွန်းကတော့ မနေ့က တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာကို ငြင်းပါတယ်။

“၁၁ ရက်နေ့မှာ။ ကျနော် သိသလောက် မရှိပါဘူးဗျ။ ရှိရင်သိရမှာပေါ့။”

ဘူးသီးတောင်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ တောင်ရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းကိုတော့ အတည်ပြု ပြောပါတယ်။

“တိုက်ပွဲက ဖြစ်တယ်ဆိုပြီး ကျနော်တို့ကသတင်းရတယ်။ ရွာနဲ့တော့ နည်းနည်း လှမ်းတယ်။ ဖြစ်တဲ့နေရာကတော့ ဘင်္ဂလီတွေ နေထိုင်တဲ့ တောင်ရွာဆိုတဲ့ ရွာနဲ့ နီးတယ်။ ဘယ်လိုအခြေအနေ ရှိတယ်.. ကျနော်တို့ မသိဘူးလေနော်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ မြို့နယ်တွေမှာ စစ်ရှောင်ဦးရေ ၄၁,၀၀၀ ကျော် တိုးပွားလာနေပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သူတို့ အဖွဲ့တွေ အခြေစိုက်နိုင်ရေးဟာ အဓိက ရည်မှန်းချက် ဖြစ်တယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။ AA အဖွဲ့ဟာ KIA အခြေစိုက်ရာ ကချင်ပြည်နယ်ဘက်မှာ စ ဖွဲ့စည်း အခြေတည်ခဲ့တာပါ။ မြန်မာ စစ်တပ်ဘက်ကတော့ ရခိုင်ဟာ အရင်ကတည်းက ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်တာမို့ဆိုပြီး AA အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်မယ်ဆိုတာကို လက်မခံပါဘူး။

ဒါကြောင့်လည်း ဒီလို နှစ်ဘက် အခြေခံမတူတဲ့ သဘောထားတွေကြောင့် ရခိုင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေဟာ ညှိနှိုင်းနိုင်မယ့် အလားအလာ မရှိနိုင်သေးဘူးလို့ ရခိုင်နိုင်ငံရေး သုံးသပ်သူတွေက ယူဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG