သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ အရပ်သားတွေ လုံခြုံရေးစိုးရိမ်


ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များ (သြဂုတ်၊ ၂၈၊ ၂၀၁၇)
ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များ (သြဂုတ်၊ ၂၈၊ ၂၀၁၇)

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက ပစ်ခတ်မှုတွေ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကျီးလန့်စာစားအခြေအနေဖြစ်နေရတဲ့ ဒေသခံရခိုင်လူထုရဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအခြေအနေကို NLD အစိုးရအနေနဲ့ လစ်လျူမရှု့ထားဖို့နဲ့ရခိုင်ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ စစ်ရှောင်ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

စစ်ဖြစ်နေတဲ့ရခိုင်ပြည်နယ်ထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အသက်ဘေး အန္တရာယ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ မသင်္ကာမှုတွေနဲ့ စွပ်စွဲပြီး ဖမ်းဆီး စစ်ဆေးနေတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးက အတော်လေးကို စိုးရိမ်စရာ အနေအထားဖြစ်လာနေတယ်လို့ စစ်ဘေးရှောင် ရခိုင်ပြည်သူတဦးက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များ
ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များ

ရခိုင်ဒေသခံတွေ လယ်ယာလုပ်ငန်းခွင် ပုံမှန်လူနေမှုဘဝတွေနဲ့ စားဝတ်နေရေး ရေရှည်ရပ်တည်နိုင်ဖို့ အခက်တွေ့လာရတဲ့ အခြေအနေကို ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာအနီးမှာနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူ တဦးဖြစ်တဲ့ ကိုဇော်မိုးလှိုင်က အခုလိုပြောပြပါတယ်။

"အခုလောလောဆယ်က ကျနော်တို့ ကိုယ်တိုင်ကလည်း ရွာနားကို မကပ်ရဲဖြစ်နေတယ်။ ဘာတွက်ကြောင့်လည်းဆိုရင် ပစ်ခတ်သံတွေကတော့ ကြားနေရတယ်လေ။ ကလေးသူငယ်တွေနဲ့ ပြေးလွှားနေရတာကျတော့ ဒုက္ခတော်တော် ရောက်တယ် အမရေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လက်တွေ့ ခံစားနေရတဲ့သူတွေလေ။ ဒီ ကိုယ်တွေ့ဖြစ်နေတာကိုး.... ဒီလိုအခြေအနေမျိုးမှာ ဒုက္ခရောက်တာတို့ ဒီလိုအဖြစ်မျိုးကတော့ ကျနော်တို့ နည်းနည်း တုန်လှုပ်တာကိုး။ ပြောချင်တာတော့ ဒီအစိုးရအနေနဲ့ ဒီလို ထိုးစစ်ဆင်တာတွေကို ရပ်တန့်စေချင်တယ်လို့ ကျနော်တို့ ပြည်သူတွေ အခုဆို လယ်ထဲဆင်းတဲ့အချိန်လေ။ လယ်ထဲဆင်းတဲ့အချိန်မှာတောင် ကျနော်တို့ လယ်မထွန်ရဘူး အမ။ ကျနော်တို့ ကျွဲနွားတွေကို အကုန်လုံးပစ်ပြီးတော့ ကျနော်တို့ ပြေးနေရတယ် အပြင်မှာ.... ထမင်းလည်း အငတ်ခံပြီးတော့။ ဒီလူကြီးတွေအားလုံးကို မဆိုလိုပါဘူး ကလေးတွေ ဒုက္ခရောက်နေတာ။ ဒီအာဏာပိုင်တွေနဲ့ ကျနော်တို့ကို ကိုယ်ချင်းစာပြီး မြင်စေချင်တယ်။ အခု ပစ်ခတ်သံတွေ ကြားနေရတဲ့အခါကျတော့ ပိုပြီးတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဒီအစိုးရအနေနဲ့တော့ ဘာမှ တာဝန်ယူပေးတာတော့ မရှိသေးဘူး အမ။ သူတို့ဆီက ဘာမှ ဆက်သွယ်လာတာလည်း မရှိသေးဘူး။ ဒါ ရွာအနီးပတ်ဝန်းကျင်က ရွာတွေက နည်းနည်းပါးပါး ဒီကလေးသူငယ်တွေကို ထမင်းကျွေးတာတို့၊ မုန့်ပဲသရေစာအဲ့လိုမျိုးပေါ့။"

အခုလို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေချိန် စစ်ရှောင်ဒုက္ခသည် သောင်းဂဏန်းအထိ ရှိလာပေမဲ့လို့ အစိုးရဘက်က ဒေသခံတွေရဲ့ ဘေးဒုက္ခ လုံခြုံရေးအခြေအနေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုခြင်းမရှိတာဟာ တာဝန်မဲ့လွန်းရာကျတယ်လို့ ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

"ကျမ မြောက်ဦး၊ ကျောက်တော်ဘက်ကို ကိုယ်ကိုယ်တိုင် ငါးရက်တာ ခရီးသွားခဲ့ပါတယ်ရှင့်။ စစ်ဘေးရှောင်စခန်းတွေ သွားခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ပြန်ရောက်တာနဲ့ ဒီဒေသခံများရဲ့ စစ်ဘေးအခြေအနေကြောင့် သူတို့ ကြုံလာနိုင်တဲ့အနေအထားနဲ့ ဒီမိုးရာသီမှာနေပြီးတော့ သူတို့နေရမယ့်အခြေအနေ၊ သူတို့ ပြီးလို့ရှိရင် ကျောင်းသားများရဲ့ ပညာရေးအခြေအနေနဲ့ ပြီးတော့ သူတို့ ဒီလုပ်ငန်းခွင်ကို ဝင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ မေးခွန်း တခု မေးထားတာ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက်လွှတ်တော်ကတည်းက ဒီမေးခွန်းဟာ မေးဖို့အတွက်နေပြီးတော့ ဝန်ကြီးဌာနက ဖြေကြားထားတာ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ ကျမ လွှတ်တော်ကိုယ်စားလှယ်တဦး အနေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူများနဲ့ ပတ်သက်ပြီးတော့ ကျမတတ်နိုင်သလောက် လွှတ်တော်ကိုယ်စားလှယ် တဦးရဲ့ ဘောင်ထဲက ဥပဒေဘောင်ထဲက အကုန်လုံး ကြိုးစားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အစိုးရဘက်က ဆောင်ရွက်ပေးမှုကနေပြီးတော့ အခုအချိန်ထိ အားနည်းနေဆဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီအခြေအနေမှာ လက်ရှိ အခြေအနေမှာနေပြီးတော့မှ စစ်ဘေးရှောင်များရဲ့ သူတို့ စစ်ဘေးရှောင်ဒေသတွေမှာ နေရတဲ့ အခြေအနေ အထူးသဖြင့် လုံခြုံရေးက အရမ်းကို စိုးရိမ်နေရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကိုနေပြီးတော့ အခုထက်ထိ အစိုးရကနေပြီးတော့ ကြားဝင်ဖြန်ဖြေတာ၊ ဖြေရှင်းတာ အစိုးရအနေနဲ့ တာဝန်ယူတာ အင်မတန် အားနည်းပြီး။ ဒီစစ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အခြေအနေဟာ အင်မတန်မှ အားနည်းနေတဲ့ အခြေအနေ ရှိနေပါတယ်ဆိုတာ ကျမအနေနဲ့ ပြောနိုင်ပါတယ်ရှင့်။"

နိုင်ငံသား ဘေးကင်းလုံခြုံရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေ အာမခံချက်ရှိဖို့အတွက် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်မှာ တင်သွင်းခဲ့သလို သက်ဆိုင်ရာအာဏာပိုင်တွေဘက်ကလည်း အလေးထားဆောင်ရွက်ပေးပါလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းပါတယ်။

"အခု ကျမ အဲ့တုန်းက သွားခဲ့တဲ့ နေရာမှာ ဆိုလို့ရှိရင် နောက်ဆုံးဖြစ်တဲ့နေရာ မြောက်ဦးမြို့နယ်မှာဆိုလို့ရှိရင် သူတို့ ကြုံခဲ့ရတဲ့ အခက်အခဲ၊ အခြေအနေကိုတောင်မှ သူတို့ ပြန်ပြောဖို့ ဒီလွှတ်တော်ကိုယ်စားလှယ်ရှေ့မှာ ဒီမိုက်နဲ့ပေါ့နော်.... မိုက်နဲ့ ပြန်ပြောဖို့က သူတို့ အရမ်းကို ကြောက်နေကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှေ့မှာ ပြောကြတယ်။ အနောက် ပြန်ပြီးတော့ ကျမတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့ချိန်မှာ သူတို့တွေကို ဘယ်သူက ဘယ်လိုဖမ်းပြီးတော့ ဘယ်သူက ဘယ်လို စစ်ဆေးမယ်ဆိုတာ သူတို့ မသိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အထူးသဖြင့် အိမ်ထောင်ဦးစီး အမျိုးသားများကနေပြီး ဒီစစ် ဖြစ်ပွားတဲ့နေရာတွေမှာ ခံစားရတဲ့ ဒုက္ခတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောဖို့တောင် အတော့်ကို ဝန်လေးတဲ့ အခြေအနေမှာ ရှိနေပါတယ်ရှင့်။

ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်ကို မူတည်ပြီးတော့ လုံခြုံရေးဆိုတာ ပြည်သူကို လုံခြုံရေးပေးရပါမယ်။ သူတို့ အကြောင်းပြတဲ့ လုံခြုံရေးက ဘယ်လို လုံခြုံရေးမှန်း မသိပေမဲ့ ပြည်သူကိုနေပြီးတော့ သံသယရှိတယ်ဆိုပြီး ဖမ်းဆီးတယ်။ ဖမ်းဆီးပြီးလို့ရှိရင် သူတို့က နှိပ်စက်တာတွေနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကပြန်ပြီးတော့ မေးခွန်းထုတ်စရာက လုံခြုံရေးက ပြည်သူကို ပေးတာလား၊ ဘယ်သူကို ပေးတာလားဆိုတာလည်း ကျမတို့ စဉ်းစားစရာပါရှင့်။ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်က ပြည်သူတွေကို မှန်ကန်တဲ့ လုံခြုံရေး၊ ပြည်သူ့ လုံခြုံရေး pubilc security ကို ပေးရမှာ ဖြစ်ပါတယ်ရှင့်။ အခုဟာက public ကို threat ဖြစ်နေပါတယ်။"

လတ်တလောမှာတော့ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတချို့အပါအဝင် ဒေသခံရခိုင်လူငယ်တွေနဲ့ အမျိုးသားတွေကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုတွေရှိနေသလို စစ်ဖြစ်နေတဲ့ ကျေးရွာတချို့ကို စစ်တပ်ဘက်က အင်အားသုံး ဝိုင်းထားပြီး ရွာလုံးကျွတ် စစ်ဆေးမှုတွေလည်း ရှိနေတဲ့ အနေအထားဖြစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့အနေအထား ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG