သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ဆိုင်ရာကန့်သတ်ချက် မလိုက်နာသူတွေ အရေးယူမယ် - ရခိုင်ပြည်နယ်ကောင်စီ


၂၀၂၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆေးရုံတခုရဲ့ အဝင်တွင် ကိုယ်ပူချိန်တိုင်းတာပေးနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၂၀)
၂၀၂၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆေးရုံတခုရဲ့ အဝင်တွင် ကိုယ်ပူချိန်တိုင်းတာပေးနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကာကွယ်ရေး ကန့်သတ်ချက်တွေ ချမှတ်ထားပေမဲ့ လိုက်နာမှု အားနည်းနေတာကြောင့် ဒီလ ၁၆ ရက်နေ့ကစပြီး ဖမ်းဆီး တရားစွဲဆိုတဲ့ထိ အရေးယူ လုပ်ဆောင်သွားမယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက် သေဆုံးသူ အရေအတွက်က တိုးလာနေချိန်မှာပဲ အာဏာပိုင်တွေက အခုလိုကြေညာလိုက်တာပါ။ ဒီအကြောင်း ရခိုင်ပြည်နယ်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

လူဦးရေ သုံးသန်းကျော်လောက်နေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ် တတိယလှိုင်းအတွင်း ကူးစက်ခံထားရသူ ၁,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက အယောက် ၂၀ ကျော် ရှိသွားပါပြီ။

ဒါကြောင့်လည်း ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး အပြင်သွားရင် Mask တပ်ဖို့၊ တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့၊ အခြေခံစားကုန်ဆိုင်တွေ ကိုဗစ်စည်းကမ်းနဲ့အညီ ရောင်းဖို့နဲ့ စားသောက်ဆိုင်တွေလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွန်ကြားထားပေမဲ့ လက်တွေ့မှာ လိုက်နာသူ နည်းနေဆဲပါ။

ဒါကြောင့် စည်းကမ်းကန့်သတ်ချက် မလိုက်နာသူတွေကို သောကြာနေ့ နောက်ပိုင်းကစပြီး ဖမ်းဆီး တရားစွဲဆိုမယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက သတင်းထောက်တွေကို ပြောပါတယ်။

“မပြောဘဲလုပ်တာ ဖြစ်မှာစိုးလို့၊ ၁၆ ရက်နေ့ကစပြီးတော့ ကျနော်တို့ ဒီဟာတွေကို တာဝန်ပေးတဲ့အဖွဲ့တွေက ဖမ်းသင့်တာ ဖမ်းပြီးတော့ တရားစွဲတဲ့ဟာတွေကို ၁၆ ရက်နေ့ နောက်ပိုင်းမှာ ကျနော်တို့ လုပ်သွားဖို့ ရှိပါတယ်။”

ကန့်သတ်ချက် မလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့အရေးယူမှာဖြစ်ပြီး ဒီဥပဒေအရဆိုရင် ထောင်ဒဏ် အများဆုံး ၃ နှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေသလို သေဆုံးမှု များလာပေမဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေထက်စာရင် ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိနေသေးတယ်လို့လည်း ရခိုင်ပြည်နယ် ဥပဒေချုပ်လည်းဖြစ်သူ ဦးလှသိန်းက ပြောပါတယ်။

“ဆိုတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိပါတယ်။ ၁၇ မြို့နယ်ရဲ့ အနေအထားမှာ လူဦးရေအားဖြင့် တတိယလှိုင်းမှာ ၉၉၇ ယောက် တွေ့ရှိထားတဲ့အတွက် ပြည်နယ်အနေနဲ့ဆိုရင်တော့ များတယ်လို့မဆိုသာပါဘူး။ တခြားသော တိုင်းဒေသကြီး ပြည်နယ်တွေနဲ့ ယှဉ်ကြည့်လိုက်လို့ရှိရင်လည်း ကျနော်တို့ဟာ အများကြီး ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။”

အခုပြောသွားတဲ့ ကူးစက်သူအရေအတွက်ဟာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာတွေထဲကနေ တွေ့ရှိထားတဲ့ ပိုးကူးစက်သူအရေအတွက်ဖြစ်ပြီး စစ်ဆေးတဲ့အဆင့်ထိမရောက်ဘဲ ကိုဗစ်ရောဂါလက္ခဏာနဲ့ အိမ်တွင်းမှာပဲ နေထိုင်နေကြသူတွေလည်း ရှိနေတာပါ။

ကိုဗစ်ဒုတိယလှိုင်းတုံးကတော့ ရခိုင်ပြည်နယ်မှာ ကူးစက်ခံရသူ ၄,၀၀၀ ကျော်အထိရှိခဲ့ပေမယ့် သေဆုံးသူက ၃၀ ကျော်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု တတိယလှိုင်းမှာတော့ ကူးစက်ခံရသူ ၁,၀၀၀ နီးပါးမှာ သေဆုံးသူ ၂၀ ကျော်အထိရှိတဲ့အတွက် ဒုတိယလှိုင်းထက် အချိန်တိုအတွင်း သေဆုံးသူအရေအတွက် များနေတဲ့ပုံ ရှိပါတယ်။

ဒါကြောင့်မို့ အာဏာပိုင်တွေက ကန့်သတ်ချက်တွေကို ပိုတင်းကျပ်နေပြီး လူထူထပ်တဲ့ စစ်တွေကမ်းခြေကိုလည်း ပိတ်ထားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

“ဒီကူးစက်မှုကတော့ ဖယ်လို့မရဘူး။ တကမ္ဘာလုံးဖြစ်တဲ့ Third Wave ကို ကျနော်တို့လည်း ခံရမယ်။ ဒီကူးစက်မှုတွေကို ကျနော်တို့က ထိန်းချုပ်ဖို့ ကြိုးစားတယ်။ အထူးသဖြင့် Sundayပေါ့၊ အဲဒီနေ့ကျရင် ကမ်းခြေတွေမှာ လူများပါတယ်။ တယောက်နဲ့ တယောက် နီးနီးကပ်ကပ်ထိုင်ကြတယ်။ သောက်ကြတယ်၊ စားကြတယ်ပေါ့။ ဒီဟာတွေကို ဆွေးနွေးကြတယ်။ ဆိုတော့ အရင်တခေါက် second wave မှာ ထိန်းချုပ်ခဲ့သလို မဟုတ်ဘဲ အခု ကျနော်တို့က စနေနဲ့ တနင်္ဂနွေရက်တွေမှာ မနက် ၁၀ နာရီကနေ ညအထိ၊ နှစ်ရက်ပေါ့ ကျန်တဲ့ရက်တွေမှာတော့ ပုံမှန်အတိုင်း ခွင့်ပြုသွားမယ်ဆိုတော့ အားကစားလိုက်စားတဲ့သူတွေလည်း ပိတ်ရက်ဆိုတော့ မနက်ပိုင်းဆိုတော့ သောက်တဲ့ စားတဲ့သူတွေလည်း သိပ်မရှိသေးဘူး။ ကမ်းခြေကို အပြည့်အဝ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်ကို ပိတ်လိုက်တာကြောင့် ကမ်းခြေမှာ ပျော်ပွဲစားတဲ့သူတွေ နည်းခြင်းကြောင့် ကူးစက်မှု ပျံ့နှံ့မှုနည်းရင် ကျနော်တို့က တနည်းတလမ်း စဉ်းစားရာရောက်တယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်ထားကြတာပါ။”

အခုလို စည်းကမ်းကန့်သတ်ချက်တွေ ပိုပြီး တင်းကျပ် လုပ်ဆောင်နေပေမယ့် ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့ဆိုပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay at Home ညွှန်ကြားချက် ထုတ်မထားသေးပါဘူး။ လက်ရှိအဆင့်မှာတော့ ကန့်သတ်ချက် ချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးဖို့ အာဏာပိုင်တွေဘက်က စတင် လုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG