သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အဖြစ်မှန်ရင်ဆိုင်ဖြေရှင်းဖို့ စောင့်ကြည့်သူတွေတိုက်တွန်း


အမေရိကန်ပြည်ထောင်စုရဲ့ စုံစမ်းတွေ့ရှိချက်တွေက ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီတယ်လို့ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမေရိကန်က ထုတ်ပြောလိုက်တဲ့အပေါ် မြန်မာအစိုးရအနေနဲ့ ဖုံးကွယ်ငြင်းပယ်မနေပဲ အဖြစ်မှန်ကို ရင်ဆိုင်ပါလို့ ရခိုင်အရေး စောင့်ကြည့်လေ့လာနေသူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ရခိုင်အရေးဟာ နိုင်ငံတကာရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာနေတယ်လို့ လုံခြုံရေးကောင်စီမှာ စိုးရိမ်မကင်း ပြောဆိုမှုတွေအပေါ်မှာလည်း မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံတခုတည်းအရေးထက် ဒေသတွင်းလုံခြုံရေးကို အလေးထား စဉ်းစားဖို့လိုအပ်လာပြီလို့အကြံပေးကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

သြဂုတ်လ ၂၈ရက်နေ့ မနေ့အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကိုယ်တိုင် တက်ရောက်တဲ့ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ- အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Nikki Haley က အမေရိကန်အစိုးရဘက်က စုံစမ်းတွေ့ရှိထားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေ အပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူကြားလို့တောင် မကောင်းတဲ့ ရာဇဝတ်ပြစ်မှုတွေဖြစ်ပြီး ဒီစုံစမ်းချက်တွေဟာ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီတယ်လို့ အမေရိကန်က ထုတ်ပြောလိုက်ပါတယ်။အခုလိုမျိုး နိုင်ငံတကာနဲ့ ကုလက ထောက်ပြပြောဆိုနေတဲ့ ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် မြန်မာအစိုးရအနေနဲ့ ငြင်းဆန်နေမယ့်အစား အဖြစ်မှန်ကို ရင်ဆိုင်ဖြေရှင်းသင့်ပါပြီလို့ ရခိုင်အရေးလေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းက တိုက်တွန်းပါတယ်။

"US ရဲ့ တွေ့ရှိချက်တွေက UN နဲ့ အတူတူပဲ ထပ်တူပဲလို့ပြောတယ်နော်။ အဲဒါကို မြန်မာအစိုးရအနေနဲ့က ဒီဟာကို ပယ်ချပါတယ်ဆိုတာက သိပ်လွန်လွန်းအားကြီး သွားတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘင်္ဂလားဒေ့ရှ်တို့ဘာတို့မှာ တွေ့ထားပြီးပြီ။ အဲဒါကို မြန်မာအစိုးရအနေနဲ့က လက်မခံနိုင်ဘူး ၊ ဒီဟာတွေက မှားနေပါတယ်၊ ဒါကိုပယ်ချပါတယ် ဆိုရင် အရမ်းကို ကွာဟမှုက များပြီးတော့ ကိုယ်ကတဖက်တည်း ဟိုဘက်က အများကြီး ၊ နောက်ပြီးတော့ ယုတ္တိယိ ယုတ္တယာကလည်း အရမ်းကို ပြစ်မှုက ထင်ရှားနေပြီ အဲဒါကို နေပြည်တော်မှာရှိတဲ့ မြန်မာအစိုးရအဖွဲ့တဖွဲ့ကပဲ မဟုတ်ပါဘူးလို့ ငြင်းတာကတော့ သဘာဝကို မကျတော့ဘူး။ ရှက်ဖို့လည်းကောင်းတယ် အကောင်းဆုံးကတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ့ ဆိုတာကို သူတို့က မလုပ်ဘူး ရှေ့လျောက်ကတော့ ဆိုးဖို့ပဲ ရှိတော့တယ်။"

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ FCO ခေါ် နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က ဒီအစီရင်ခံစာပါ အချက်တွေအရ အခုလို ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်က အတင်းအကြပ်မောင်းထုတ်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ ပြောဆိုခဲ့တာပါ။ ဒီအပေါ် မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာကပါ စိုးရိမ်လာနေတဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေကို အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်ပြီလို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က အကြံပြုပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ဒီကိစ္စရပ်ဟာ တိုင်းပြည်တပြည်နယ်ထဲနဲ့ ဖြစ်နေတဲ့ ကိစ္စရပ်မဟုတ်တော့ဘူး ။ ဘာကြောင့်လဲဆိုတော့ ဒီဒုက္ခသည်များဟာ ဒီရခိုင်လောလောဆည်ဖြစ်တဲ့ ကိစ္စမတိုင်ခင်ကတည်းကိုက ဒုက္ခသည်တွေက ကမ္ဘာအနှံ့ကိုရောက်နေကြတာရှိတယ်လေ။ အဲဒီတော့ ဒုက္ခသည်ပြဿနာနဲ့ တွဲဖက်ပြီးတော့ ဒီပဋိပက္ခကို ထပ်ဆောင်းလိုက်တဲ့အခါကျတော့ ဒီဟာက ပြည်ထောင်စု တခုတည်းရဲ့ အရေးမဟုတ်တော့ပဲနဲ့ အပြည်ပြည်ဆိုင်ရာကိစ္စဖြစ်သွားပြီလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကော်မရှင်ကလည်း အဲ့ဒါကို သဘောပေါက်တဲ့အတွက်ကြောင့် အားလုံး စုစုစည်စည်းနဲ့ နိုင်ငံပေါင်းစုံကနေပေါင်းပြီးတော့ အဖြေတခုရှာဖို့အတွက် လိုအပ်တယ်ဆိုပြီးတော့ နိုင်ငံအားလုံးရဲ့ စုပေါင်းပါဝင်မှုကိုလည်း ကျနော်တို့က အကြံပြုထားတာရှိတယ် ပဋိပက္ခအဖြေကိုရှာဖို့ပေါ့နော်။ အဲဒီတော့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ လှေနံဓားထစ် မလုပ်ပဲနဲ့ အကောင်းဆုံးအဖြေရအောင် နည်းပေါင်းစုံကို all the option ကို open လုပ်ထားပြီးတော့ ကျနော်တို့အဖြေရှာမယ်ဆိုရင်တော့ အကောင်းဆုံးလို့ ကျနော်တို့မြင်ပါတယ်။"

ကုလလုံခြုံရေးကောင်စီဝင်တွေဖြစ်တဲ့ တရုတ်နဲ့ရုရှားဘက်ကလည်း ရခိုင်အရေးဟာ အပြုသဘောဆောင် အချိန်ယူချဉ်းကပ်ရမှာဖြစ်သလို မြန်မာနိုင်ငံကို အတင်းအကျပ်ဖိအားမပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို အလေးထားကူညီဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။ ရခိုင်ပြည်နယ်အရေးဟာ ရေရှည်ဖြေရှင်းရမယ့် သိမ်မွေ့နက်နဲတဲ့ကိစ္စရပ်ဖြစ်သလို ဖြစ်စဉ်တွေကိုလည်း အထောက်အထားခိုင်ခိုင်မာမာနဲ့ ပြသဖို့လိုတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း သုံးသပ်ပါတယ်။

"သူတို့ပြောနေတာတွေက ကျမတို့ မြင်ရတာကတော့ တဖက်သတ်ကြီးဆန်လွန်း အားကြီးပါတယ်။ အများပြောနေတဲ့စကားတွေမှာ ဒီတပ်မတော်ဘက်က တော်တော်လေးကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် ထွက်ပြေးကြတယ် မုဒိမ်းကျင့်တယ် ဆိုတဲ့ အချက်အလက်တွေကိုတော့ သူတို့ တကယ့်ကို သက်သေအထောက်အထား ပြဖို့ လိုအပ်ပါတယ်။ နောက်တခုကလည်း သူတို့လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ ပြဿနာဖြစ်ခဲ့ တဲ့နေရာမှာလည်း သူတို့ တပ်မတော်ဘက်ကလည်း အပြစ်ရှိတဲ့လူတွေကိုလည်း အပြစ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တကယ့်ကျမတို့ရခိုင်ဘက်မှာ ဖြစ်သွားတဲ့ ဟိန္ဒူတွေကို သတ်တယ်၊ တိုင်းရင်းသားတွေအသတ်ခံရတယ် ARSA အဖွဲ့တွေကိုတော့ မဖော်ထုတ်နိုင်ပဲနဲ့ ကျမတို့ မြန်မာနိုင်ငံကိုပဲ ဖိအားပေးနေတာကတော့ လွန်လွန်းအားကြီးပါတယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။"

နိုင်ငံတကာနဲ့ ကုလက ရိုဟင်ဂျာလို့ ခေါ်ဝေါ်ပြီး မြန်မာအစိုးရဘက်က မူဆလင်ဒုက္ခသည်တွေလို့သုံးနှုန်းတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေချိန်မှာပဲ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်တွေကိုတော့ လက်မခံကြောင်း မြန်မာအစိုးရက ပြောဆိုထားပါတယ်။ အခုလို နိုင်ငံတကာကရော ကုလကပါ အထောက်အထားအစီရင်ခံစာတွေနဲ့ စုံစမ်းအရေးယူဖို့ ဖိအားပေးနေတဲ့အပေါ် မြန်မာအစိုးရရော တပ်မတော်တာဝန်ရှိသူတွေကပါ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ချိန်တန်ပါပြီလို့ အကဲခတ်တွေက အကြံပြုကြပါတယ်။

လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့် ဆွေးနွေးပွဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ကိုယ်စားလှယ်တွေ၊ အလှည့်ကျ အဖွဲဝင်နိုင်ငံတွေ အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကလည်း အသီးသီး ဆွေးနွေးခဲ့ကြတာပါ။ လုံခြုံရေးကောင်စီအနေနဲ့ ဘာတွေဆက်ပြီး မြန်မာ့အရေးဆောင်ရွက်မလဲဆိုတာကို ကမ္ဘာက စောင့်ကြည့်နေကြောင်း အမေရိကန်ပြည်ထောင်စုဘက်က အဲ့ဒီ့အစည်းအဝေးမှာ အလေးအနက်ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG