ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေဟာ ခွဲခြားဆက်ဆံခံရမှုကြောင့်မဟုတ်ပဲ၊ တိုင်းပြည်အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်လို့ မောင်တောအရေး အစိုးရစုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ OIC အဖွဲ့ကြီးရဲ့ စွတ်စွဲပြောဆိုချက်အပေါ် တုန့်ပြန်သွားတာပါ။ ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ် ။
ကိုသားညွန့်ဦး။ ။ မွတ်ဆလင်တွေအပေါ်မျာ ခွဲခြားဆက်ဆံမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဒါတွေကို ရပ်ပစ်ဖို့ အတွက် နိုင်ငံတကာကို သူကတောင်းဆိုတာပေါ့နော်၊ ခွဲခြားဆက်ဆံမှုတွေ တိုက်ခိုက်မှုတွေရှိတယ်ဆိုတဲ့အနေအထားပေါ့ အန်ကယ်တို့ကလည်း စုံစမ်းထားတယ်ဆိုတော့ အဲဒီအနေအထားက ဘယ်လောက်အထိ မှန်ကန်ပါသလဲ သူပြောတာ။
ဦးအောင်ကြည်။ ။ ခွဲခြားဆက်ဆံတာတော့ မဟုတ်ပါဘူး၊ သူတို့လုပ်တဲ့ဟာက တကယ်တမ်းပြောရမယ်ဆိုရင် ဒီဖြစ်စဉ်တွေက အချုပ်အခြာအာဏာကို ထိပါးတဲ့ ဖြစ်စဉ်တွေပဲလေ။ ဒီဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ဟာ ဘယ်လောက်အထိကြီးမားသလဲဆိုတာလည်း ကျနော်တို့ ရှာဖွေလို့ တွေ့ရပါတယ်။ အဓိကတော့ ဒီမှာ သူတို့ သီးခြားနိုင်ငံ ထူထောင် ဖို့လောက်အထိကို သူတို့ ပန်းတိုင်ထားပြီးတော့ လုပ်ထားတာဖြစ်တယ်။ အဲဒီတော့ ဒီဟာ နိုင်ငံရေးပန်းတိုင်ကို ဒီလိုလေးတွေ သူတို့ ၁ နှစ် - ၂ နှစ်လောက် အချိန် ကြိုတင်ပြီးတော့ ပြင်ဆင်ပြီးတော့မှ လုပ်တဲ့အစီအစဉ်လည်း ကျနော်တို့ တွေ့ရတယ်။ ဒါကအချုပ်အခြာအာဏာကို ထိပါးတဲ့ ကိစ္စဖြစ်တဲ့အတွက် လုံခြုံရေးအဖွဲ့အစည်းကတော့ ဘာပဲပြောပြော တခြားကိစ္စတွေအားလုံးထက် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် ဖို့က အရေးကြီးဆုံးဆိုတော့ ဒီလုပ်ငန်းအပေါ်မှာ သူတို့ ဦးစားရေးပြီးတော့ ဆောင်ရွက်ခဲ့ကြတာ လို့ ပြောချင်ပါတယ်။
ကိုသားညွန့်ဦး။ ။ ခုနက အန်ကန်ပြောသလို ဒီ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့ လုပ်ရပ်မျိုးတွေတွေ့တယ်ဆိုတာ အန်ကယ်တို့အနေနဲ့ အထောက်အထား ခိုင်ခိုင်မာမာ ရထားတာ တွေ့ထားတာ များ ရှိပါသလားခင်ဗျ။
ဦးအောင်ကြည်။ ။ ခိုင်မာပါတယ် သောင်းကျန်းသူတွေ ထကြွခဲ့တယ်။ ဘာကြောင့် ထကြွခဲ့သလဲ ဆိုတာ သမိုင်းမှာ ပြန်ကြည့်မယ်ဆို၇င် သူတို့က ဟိုတုန်းက အရှေ့ ပါကစ္စတန် နိုင်ငံပေါ့ ဒီလိုပေါင်းဖို့ တောင်းဆိုမှုတွေရှိသလို သူတို့ကို သီးခြားလွတ်လပ်ရေးပေးဖို့ ဆိုတဲ့ တောင်းဆိုမှုတွေလည်းရှိတယ်။ အခုဖြစ်နေတဲ့ ဖြစ်စဉ်နဲ့က တထပ်တည်းလိုပဲ အဲဒီတုန်းက ရဲစခန်းတွေကိုလည်း သူတို့ တိုက်ခိုက်ခဲ့တယ်၊ အဲဒီက ရဲတွေဆီကနေပြီးတော့ လက်နက်တွေ လုပြီးတော့ စတင်ခဲ့တယ်။ အဲဒါနဲ့ အခုဖြစ်တဲ့ ဖြစ်စဉ် ပုံသဏ္ဍန်နဲ့က တထပ်တည်း ၁ နေရာတည်း အလားတူ ပုံသဏ္ဍန်မျိုး ဖြစ်တဲ့အတွက် ဒီခွဲခြားဆက်ဆံလို့ ဖြစ်တဲ့ ဖြစ်စဉ်မျိုးမဟုတ်ဘူး။ ဒီဟာက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ဖြစ်စဉ်၊ ပြီးလို့ရှိရင် သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုထူထောင်ဖို့ဆိုတဲ့ ပန်းတိုင်နဲ့ လုပ်တဲ့ ဖြစ်စဉ် ဆိုတာ ကျနော်တို့ သေသေချာချာ မေးမြန်းလို့ ရပါတယ်။အခိုင်အမာ အထောက်အထားတွေရှိပါတယ်။
ကိုသားညွန့်ဦး။ ။ ကျနော်နောက်ဆုံးမေးချင်တာက အခုကိစ္စမှာ OIC က သူတို့ စိုးရိမ်ချက်တွေ မကြာမကြာပြောတယ်။ အခုဆိုရင် အထူးအစည်းအဝေးဆိုပြီးတော့ ခေါ်ယူတာရှိပါတယ် ဒါကိုလည်း အာဆီယံ အဖွဲ့ဝင် တနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံက ဦးဆောင်ကျင်းပတယ်ဆိုပြီးသိရတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံ က တော်တော်လေး ကျယ်ကျယ်လောင်လောင် ဝေဖန်လာတာရှိပါတယ်။
ဦးအောင်ကြည်။ ။ ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲလေ မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့အနေအထားက အားလံးသိတဲ့အတိုင်း သူတို့အနေနဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ကစားတာပဲလေ၊ ကစားတဲ့အခါမှာ ကိုယ့်နိုင်ငံအတွင်းက ကစားကွက်မဟုတ်ပဲနဲ့ တခြားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကစားကွက် ဖြစ်နေတာကတော့ သူတို့အတွက် စိုးရိမ်စရာကောင်းပါတယ်။”
ကိုသားညွန့်ဦးက မောင်တောအရေး အစိုးရစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ် ။