သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ငန်းစတင်


ရခိုင်စုံစစ်စစ်ဆေးရေးကော်မရှင် နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံ (Myanmar State counsellor office)
ရခိုင်စုံစစ်စစ်ဆေးရေးကော်မရှင် နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံ (Myanmar State counsellor office)

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဒီအပတ်အတွင်း မှာ စတင်အကောင်အထည် ဖော်နေပြီး မနက်ဖြန်မှာဆိုရင် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေပါတယ်။ လေ့လာ စမ်းစစ်သူတွေကတော့ ဒီကော်မရှင်ရဲ့ တွေ့ရှိချက်တွေဟာ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ဖေါ်ပြချက်တွေကို ချေပဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နောက် အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စစ်ဆေးဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဒီရက်ပိုင်းအတွင်းမှာ စတင်နေပြီ ဖြစ်ပါတယ်။

ကော်မရှင်က လက်ရှိ စတင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးစိုးအောင်က အခုလိုပြောပါတယ်။

“ လုပ်ငန်းစဉ်က စနေပြီလေ။ ဒီအပတ်က လုပ်ငန်းစဉ်စတယ်လို့ ပြောရမှာပေါ့။ အခုဒီမှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့တယ်။ ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့လည်းတွေ့တယ်။ နောက်ပြီးတော့ ဒီ တပ်မတော်နဲ့လည်း တွေ့တယ်။ နောက်ပြီး ဒီ ရခိုင်နဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့ ကျနော်တို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ လည်း တွေ့တယ်။ ဆိုတော့ ဒါ လုပ်ငန်းစနေတာပေါ့။ တွေ့ပြီးတဲ့အပြင်ကို မနက်ဖန် ရခိုင်သွားဖို့လည်း စီစဉ်ထားပါတယ်။ သူတို့က ဒါ ပထမအကြိမ်သွားမှာပေါ့။ ဒီကိစ္စတွေကတော့ ဆက်လက် ဆောင်ရွက်ရအုံးမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ”

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖိလစ်ပိုင်နိုင်ငံက ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီမား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ်နဲ့ ကုလသမဂ္ဂဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။

ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေဆုံပြီး ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကော်မရှင်ရဲ့ လုပ်ငန်းစတင်ချိန်ဟာ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အရာရှိကြီးတွေမှာ တာဝန်ရှိတယ်ဆိုပြီး နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ တရားစွဲဖို့အထိ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မူလကတည်းက အသိအမှတ်ပြု လက်မခံတဲ့အကြောင်းနဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်တွေကိုလည်း လက်မခံတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ မူဆလင် ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုံးတာကို အသိအမှတ်မပြုသလို ပြည်တွင်းမှာ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဟာလည်း ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ပြောဆိုထားတာပါ။

လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ဒီအခြေအနေကို အခုလို သုံးသပ်ပါတယ်။

“ မြန်မာအစိုးရကနေ ဖွဲ့စည်းပြီးခန့်အပ်ထားတဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က စတင်လုပ်ဆောင်တော့မယ် ဆိုတာတွေ့ရပါတယ်။ အမှန်တော့ အချိန်ပိုင်းအရ ပြောမယ်ဆိုရင် နောက်ကျနေတဲ့ သဘောမျိုးဖြစ်နေတယ်။ အရင်တုံးက ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့မယ်။ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှု ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပူးပေါင်းဆောင်ရွက်မှုတွေသာ လုပ်မယ်ဆိုရင် ကျနော်တို့ဆီမှာလည်း ဖွဲ့စရာမလိုဘူး။ ခုနတုံးက ထွက်ပေါ်လာတဲ့ report တွေနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပူးပေါင်းမှုရှိပါတယ်ဆိုတဲ့ အမြင်မျိုးရရှိသွားမယ်။ အခုက ထွက်ပြီးတော့မှာ ကိုယ့်ရဲ့နိုင်ငံက ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် သွားမယ်ဆိုရင် တဘက်က weight အရမ်းကြီးသွားပြီ။ ဒီဘက်က တွေ့ရှိချက် တွေက ခုနတုံးက တွေ့ရှိချက်တွေကို ပြန်လည်ပြီးတော့ ချေပနိုင်ဖို့ အင်အားနည်းသွားပြီဆိုတာကို ထောက်ပြ ချင်ပါတယ်။”

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်အပေါ် နိုင်ငံတကာက အားမရတာတွေ ရှိနေသလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကတင်ပြထားတဲ့အစီရင်ခံစာကိုတုံပြန်ဖို့ ဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ဦးအောင်မျိုးမင်းက ဆက်လက်ပြောပါတယ်။

“ အခုဖွဲ့ထားတဲ့ စုံစမ်းရေးကော်မရှင်ကို အားမရတာတွေ တချို့က စောဒက တက်တာတွေ ရှိနေတယ်။ အဲတော့ ဒီဟာနဲ့တင်မလုံလောက်ဘဲနဲ့၊ ဒါနဲ့ပြန်တုံပြန်ဖို့တင်မကဘဲနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ လွတ်လပ်ပြီးတော့ အမှန်တရားကို ဖော်ထုတ်နိုင်သော၊ တာဝန်ရှိမှုကို ဖော်ထုတ်နိုင်တဲ့ ယန္တရားနဲ့ ပူးပေါင်းခြင်းက အကောင်း ဆုံးသာ ဖြစ်ပါလိမ့်မယ်။ ”

ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ပြောဆိုသွားတာပါ။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterrus ကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို အလေးအနက်ထားဖို့ ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိတဲ့အကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးရမယ်ဆိုပြီး ပြောဆိုထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG