သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်များ ရပ်တည်ရေးအခက်အခဲရှိနေ


ရခိုင်စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော ရခိုင်ဒုက္ခသည် မိသားစု တစု (သတင်းဓာတ်ပုံ - ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)
ရခိုင်စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော ရခိုင်ဒုက္ခသည် မိသားစု တစု (သတင်းဓာတ်ပုံ - ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ တသိန်းခွဲ ကျော်လာပြီဖြစ်သလို စစ်ရှောင်စခန်း ၂၀ လောက်မှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီစစ်ရှောင်စခန်းတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက စစ်ရှောင်စခန်း ၂၀ လောက်မှာ စားနပ်ရိက္ခာပြတ်လတ်မှုတွေ သောက်သုံးရေ ရှားပါးမှုတွေ နေရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

"နွေဘက်တွေ ရောက်လာလို့ရှိရင် ကျေးရွာတော်တော်များများက ရေခမ်းခြောက်လေ့ ရှိတယ်။ အခုက စစ်ရှောင်စခန်းတွေ ဖွင့်ထားတဲ့ ကျေးရွာတွေက နဂိုကတည်းက ရေရှားပါးတဲ့ အထဲမှာ သူတို့ရွာမှာ စစ်ဘေးဒုက္ခသည်တွေကို အများအပြား လက်ခံထားတော့ ဆောင်းရာသီအတွင်းမှာကို ရေပြတ်လတ်သွားမယ့် အခြေအနေ ရှိတယ်။ မနှစ်ကဆိုရင် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်တွေမှာ တော်တော်များများ ရေရှားပါးတာ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ မနှစ်ကထက် ပိုပြီးတော့ ရေအခက်အခဲနဲ့ ကြုံရနိုင်တယ်။"

လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ရှောင်စခန်းမှာလည်း သောက်သုံးရေ ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရသလို စားနပ်ရိက္ခာတွေလည်း နည်းပါးနေတယ်လို့ စစ်ရှောင်စခန်းက မအေးခိုင်က ပြောပါတယ်။

"ရေအဆင်မပြေဘူး။ ရေကန်မှာလည်း ရေတအားနောက်တယ်။ အခုတောင် ရေတစည်လောက်ပဲ ကျန်တော့တာ အိမ်မှာ သောက်သုံးရေက ဘယ်လောက်ထိ အခက်အခဲရှိလဲဆိုရင် အဝေးမှာ သွားခပ်ရတာလေ။ လမ်း လျှောက်ပြီးသွားရင် တနာရီခွဲလျှောက် ရတယ်။ သုံးရေလည်း အတူတူ သောက်ရေလည်း အတူတူပဲ။ အခု တောင် ရေရှားနေတာ နွေရာသီရောက်ရင် ဘယ်လိုလုပ်မလဲ စိတ်ပူတယ်။ ဒါပဲ စိတ်ပူနေရတာ။ စားဝတ်နေရေးကလည်း အဆင်မပြေတော့ဘူး။ အရင်နှစ်တွေက ICRC က လာပေးတယ်။ အခုမပေးတော့ အခက်အခဲ တအား ရှိတယ်။"

ထိုနည်းတူ မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းမှာ လူဦးရေ ၃,၀၀၀ ကျော်လောက် နေထိုင်ကြပြီး အခုကတည်းက သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စခန်းတာဝန်ခံ ကိုစိုးနိုင်က ပြောပါတယ်။

"သောက်ရေကတော့ အဓိကအခက်အခဲ ကြုံနေတယ်။ ရိက္ခာကလည်း ဆန်က မလုံမလောက်ဖြစ်နေတယ်။ လူဦးကလည်း ၃,၀၀၀ ကျော်ရှိတယ်။ ရေကတော့ ချောင်ရေကိုပဲ သုံးနေကြရတယ်။ ချောင်းရေဆိုတော့ သောက်ဖို့ အဆင်မပြေဘူးလေ။"

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဘူူးသီးတောင် မြို့နယ် စေတီတောင် စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်ဦးရေတွေ တိုးလာနေသလို စစ်ရှောင်တွေနေထိုင်ဖို့ မြေနေရာ အခက်အခဲတွေ သောက်သုံးရေရှားပါးေ တွကို ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ခံ ဦးထွန်းမြင့်က ပြောပါတယ်။

"ဒုက္ခသည် စခန်းနှစ်ခုမှာ တခုကတော့ လူဦးရေ ၁၃၀ ကျော်လောက်ပဲ ရှိတယ်။ နောက်တခုက ၅၀ လောက်ပဲ ရှိတယ်။ အဲဒီနေရာတွေမှာက အကုန်လုံးလူတွေက ပြည့်နေပြီ နောက်ထပ် အသစ်တိုးလာတဲ့ စစ်ရှောင်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေကြရတယ်။ အသစ်ရောက်လာတဲ့ သူတွေမှာ နေစရာကတော့ အဓိက အခက်အခဲပါ။ လက်ရှိ ရှိနေတဲ့ သူတွေမှာလည်း စားနပ်ရိက္ခာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာစားနေကြရတယ်။ သောက်သုံးရေကလည်း အခုလောလောဆယ်တော့ ရွာကန်တွေမှာရေ ရှိသေးလို့ အဆင်ပြေသေးတယ်။ နောက်တစ်လလောက်ဆိုရင်တော့ ရေအဆင်ပြေတော့မှာ မဟုတ်ဘူး။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းမှာလည်း ရသေ့တောင် မြို့နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးရှိနေပြီး ရသေ့တောင်မြို့ပေါ်မှာ နေစရာမရှိတော့တာကြောင့် စစ်တွေမြို့ပေါ်ကို ခိုလှုံလာသူတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၁၆၀,၀၀၀ ကျော်အထိရှိနေပြီး စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေအပြင် နွေရာသီမရောက်ခင်ကတည်းက သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG