သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တောင်ပိုင်း AA အုပ်ချုပ်ရေး စစ်ကောင်စီ နှောင့်ယှက်ရင် တိုက်ပွဲဖြစ်ပွားနိုင် (AA ပြောခွင့်ရ)


AA - ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စစ်တပ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA - ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စစ်တပ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ထိန်းချုပ်မှုသိပ်မရှိတဲ့ ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူ၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ ULA/AA က လုပ် ဆောင်နေတဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို စစ်ကောင်စီဘက်က အင်းအားသုံး နှောင့်ယှက်နေတယ်လို့ AA ကစွပ်စွဲလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ ULA/AAရဲ့ လုပ်ငန်းတွေကို အခုလို ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ NUG နဲ့ပူးပေါင်းဖို့ အစီအစဉ် ရှိမရှိ AA ရဲ့ သဘောထားတွေကို ပြောကြားခဲ့တဲ့ သတင်းစာရှင်းပွဲအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲနဲ့ စစ်တပ်တို့ကြား ၂၀၁၉ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် AA အဖွဲ့က အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးပိုင်းတွေကို အာရုံစိုက်လုပ်နေပါတယ်။ AA အင်အားကောင်းတဲ့နေရာတွေမှာ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဒေသခံ ရခိုင်ပြည်သူတွေပါဝင်တဲ့ ULA တရားရုံးတွေကိုလည်း မြို့ နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ရခိုင်ပြည်နယ်တောင်းပိုင်း မြို့နယ်တချို့က ULA/AA တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က အင်းအားသုံး နှောင့်ယှက်နေတယ်လို့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ULA/AA ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲအတွင်း AA ဆောင်ရွက်နေတဲ့ တရားစီရင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းဌာနာက မေးမြန်းတဲ့မေးခွန်းကို ခိုင်သုခက ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“လက်ရှိရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စစ်ကောင်စီဘက်က ကျနော်တို့ဆီကို တောက်လျောက် စာရေးပြီးတော့ကန့်ကွက်နေတာတွေ၊ မြေပြင်မှာလည်း မြန်မာစစ်တပ်အနေနဲ့ အနှောင့်အယှက်ပေးနေတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်၊ ဥပမာ- အခု ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေဘက်မှာ ကျနော်တို့ တရားရုံးတွေကို လာပြီး မြန်မာစစ်တပ်က အင်အားသုံး နှောင့်ယှက်နေ တာတွေရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ရခိုင်ဒေသမှာ လုပ်နေတဲ့ သဟဇာတဖြစ်ရေး၊ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ကျနော်တို့ကြားမှာ သဟဇာတဖြစ်ရေးတွေ လုပ်ဆောင်နေတာရှိတယ်။ အဲဒါကို မြန်မာစစ်တပ်ဘက်က “လုံးဝမလုပ်နဲ၊့ မွတ်ဆလင်တွေကို လုံးဝ မစည်းရုံးနဲ့၊ တွေ့ဆုံတာတွေ မလုပ်နဲ့။” ... ဆိုတာမျိုး ကန့်ကွက်တာတွေ ရှိနေပါတယ်။”

ULA/AA ရဲ့ လုပ်ငန်းတွေကို အခုလို စစ်ကောင်စီဘက်က လုပ်ရပ်တွေကြောင့် AA အဖွဲ့နဲ့ စစ်ကောင်စီကြား အခု ၂၀၂၂ ခုနှစ်ထဲမှာ တင်းမာမှုမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ဆက်ပြီးတော့ နှောင့်ယှက်နေမယ်ဆိုရင် တင်းမာမှုကနေ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေကို ပြောဆိုသွားပါတယ်။

“မြန်မာစစ်တပ်နဲ့ ကျနော်တို့ ULA/AA ဦးဆောင်တဲ့ ရက္ခိုင်ပြည်သူ့အစိုးရကြားမှာ တင်းမာမှုတချို့လည်း ဒီလပိုင်းတွေမှာ မြင့်တက်လာတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မြင့်တက်လာတဲ့ တင်းမာမှုတွေကို လျှော့ချပြီးတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ရအောင် ကြားလူတွေကတဆင့် ကျနော်တို့နဲ့ သူတို့ကြားမှာ အပြန်အလှန်စကားပြောနေတာတွေရှိပါတယ်။ သို့သော်လည်း မြန်မာစစ်တပ်ဘက်က အခုလို ဆက်ပြီးတော့ လုပ်လာမယ် ဆိုရင် တင်းမာမှုကနေတဆင့် ထိပ်တိုက်ရင်ဆိုင်မှုအထိ မရောက်လာနိုင်ဘူးလို့တော့ ပြောလို့မရပါ၊ ဒါကြောင့် ဒီကိစ္စကို မြန်မာစစ်တပ်ဘက်က သတိထားလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။”

AA အဖွဲ့က ဆောင်ရွက်နေတဲ့ ULA အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးရုံးတွေကို စစ်ကောင်စီဘက်က တရားဝင် အသိအမှတ်မပြုပေမယ့် ဒေသခံပြည်သူတွေကတော့ ပြဿနာဖြစ်လာရင် AA စီစဉ်ဖွင့်ထားတဲ့ ULA တရားရုံးတွေမှာပဲ သွားရောက် တိုင်ကြား ဖြေရှင်းနေကြတာများပါတယ်။ တချိန်တည်းမှာပဲ ဒီတရားစီရင်ရေး လုပ်ငန်းတွေအပေါ် ရခိုင်ပြည်သူတွေကြား ဝေဖန်မှုတွေလည်းရှိနေပါတယ်။ လတ်တလောမှာပဲ မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦး ULA/AAက ဖမ်းဆီးစစ်ဆဲနေစဉ် သေဆုံးသွားခဲ့ပါတယ်။ ULA/AA ဘက်ကတော့ သေဆုံးသွားသူမှာ ULA/AAက ဖမ်းဆီးထားစဉ် သေဆုံးတာမှန်ကန်ပေမယ့် သေဆုံးသူမှာ ဆီးချို ရောဂါအခံကြောင့် သေဆုံး သွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ အွန်လိုင်းပေါ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ AA ပူးပေါင်းဆောင်ရွက်ဖို့ရှိ မရှိမေးခွန်းကိုလည်း သတင်းထောက်တွေ မေးခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ခိုင်သုခက ခုလို တုံ့ပြန်ပါတယ်။

“NUG နဲ့ ကျနော်တို့ တရားဝင်ဆွေးနွေးတာ မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ ဘာတွေဆွေးနွေးထားတယ်ဆိုတာ ဆက်ပြောစရာတော့ မရှိပါဘူး။ နွေဦးတော်လှန်ရေးမှာ ပါဖို့ရှိလားဆိုတဲ့ မေးခွန်းကတော့ စစ်ရေးကိစ္စတွေ ပါဝင်နေတာကြောင့် ကျနော့်အနေနဲ့ ဖြေဆိုဖို့ အဆင်မပြေပါဘူး,”..
နွေဦးတော်လှန်ရေးစတဲ့ နေ့ကတည်းက ဒီနေ့အထိ ကျနော်တို့ဆီကို ဆက်သွယ်လာတဲ့ တနိုင်ငံလုံးက PDF အဖွဲ့တွေ၊ တော်တော်များများရှိပါတယ်။ ဒါပေမယ့်လည်း တချို့က ဆက်သွယ်မယ့် လမ်းကြောင်းမသိတာတွေ၊ ဥပမာ ဆက်သွယ်ရေးလမ်းကြောင်း ပြောင်းပြီးတော့ ဆက်သွယ်လာတာတွေလည်းရှိတယ်။ ကျနော်တို့အဖွဲ့ အစည်းအပါအဝင် ကျနော်တို့ ညီနှောင်မဟာမိတ်အဖွဲ့နဲ့ ဆက်သွယ်ရထားတဲ့ PDF တွေကို သီခြားစိစစ်ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ ခေါင်းဆောင်တွေရဲ့အရည်အသွေး၊ စွမ်းဆောင်မှုတွေပေါ်မှာ မူတည်ပြီးတော့ ကူညီသင့် မကူညီသင့်ဆိုတာကတော့ တဖွဲ့ချင်းအနေနဲ့သော်လည်းကောင်း ညီနောင် မဟာမိတ်ကြားမှာသော်လည်းကောင်း ဆွေးနွေးတိုင်ပင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။” ...လို့ ရခိုင်ဘာသာနဲ့ ပြောသွားတာပါ။

AA အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း NUG ဘက်က မကြာခင်ကပဲ ကမ်းလှမ်းထားပါတယ်။ AA ဘက် ကတော့ တွေ့မတွေ့ကို မဆုံးဖြတ်ရသေးဘူးလို့ ဒီနေ့သတင်းစာရှင်းပွဲမှာ တုံ့ပြန်သွားပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်အရေးကို ရှေ့တန်းတင်တဲ့ ရက္ခိတလမ်းစဉ်ကို သွားနေတာ ခရီးတဝက်ရောက်နေပြီဖြစ်တဲ့အတွက် တခြားသောကိစ္စတွေမှာ ပါဝင်ဖို့မရှိဘူးလို့လည်း AA အဖဲ့ွပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် အမြစ်ပြတ်ရေးလုပ်ဆောင်နေကြသူတွေကို ကိုယ်ချင်းစာသလို အသိအမှတ်လည်းပြုတယ်လို့လည်း သူပြောကြားသွားခဲ့ပါတယ်။

=============


[[Zawgyi/Unicode]]










.....


=============

XS
SM
MD
LG