သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမ္မတ မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ကြိုးပမ်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ Ram Nath Kovind
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ Ram Nath Kovind

မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ် ရည်မှန်းချက်တွေ ပြည့်ဝလာအောင် အိန္ဒိယနိုင်ငံက အကူအညီပေးသွားဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်က ရန်ကုန်မြို့မှာ မနေ့ညက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယသမ္မတရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေးအပါအဝင်၊ သိပ္ပံနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ တရားရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီတွေ ပေးသွားဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက အကူအညီပေးတယ်ဆိုပေမယ့် အခြားနိုင်ငံတွေလို အင်တိုက် အားတိုက် လုပ်ပေးတာမျိုး မဟုတ်ပဲ၊ ဖြေးဖြေးမှန်မှန်သာ လုပ်ပေးလေ့ရှိတာကို သတိပြုသင့်တယ်လို့ အိန္ဒိယရေး ကျွမ်းကျင်သူက သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံက ရည်မှန်းထားတဲ့ အတောက်ပဆုံးအနာဂတ်တွေ ပြည့်ဝလာအောင် အိန္ဒိယနိုင်ငံအနေနဲ့ အကူအညီပေးသွားဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နက်သ် ကိုဗင့်ဒ်က ဒီဇင်ဘာ (၁၂)ရက်နေ့ည ရန်ကုန်မြို့ အိန္ဒိယသံရုံးမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရောက် အိန္ဒိယလူမှု အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါတယ်။

“ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေများတဲ့ လမ်းကြောင်းကို ရွေးချယ် လျှောက်လှမ်းနေပြီ ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံက ရည်မှန်းထားတဲ့ အတောက်ပဆုံး အနာဂတ် ဖြစ်လာစေရေးအတွက်၊ ဆန္ဒတွေ ပြည့်ဝရအောင်လို့ အိန္ဒိယနိုင်ငံက ကူညီသွားမယ်ဆိုတာကို ကျနော်အနေနဲ့ အခိုင်အမာ ပြောကြားလို ပါတယ်။”

အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ ဇနီးတို့ဟာ ဒီဇင်ဘာလ(၁၀)ရက်နေ့က မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးအဖြစ်ရောက်လာခဲ့တာပါ။ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းသွားခဲ့ပြီး၊ အိန္ဒိယက အရှေ့မျှော်မူဝါဒအဖြစ် ကျင့်သုံးလာခဲ့တာပါ။ သမ္မတ Kovind ရဲ့ ဒီမြန်မာနိုင်ငံခရီးစဉ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အရှေ့မျှော်မူဝါဒရဲ့ တစိတ်တဒေသအဖြစ် လာရောက်တာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်က စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါ ပတ်သက်ပါဝင်နေချိန်မျိုးမှာ တရုတ်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကလည်း အိမ်နီးချင်းမြန်မာနိုင်ငံကို အရှေ့မျှော်မူဝါဒအရ အကူအညီပေးရင်း ဆက်ဆံရေးလမ်းကြောင်း ပိုခိုင်မာအောင် ကြိုးပမ်းလာတာပါ။ ဒါပေမယ့် အိန္ဒိယရဲ့အကူအညီဟာ အခြားနိုင်ငံတွေလို အင်တိုက်အားတိုက် လုပ်ပေးတာမျိုး မဟုတ်ပဲ၊ ဖြေးဖြေး မှန်မှန်သာ လုပ်ပေးလေ့ရှိတာကို သတိပြုသင့်တယ်လို့ အိန္ဒိယရေး ကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

"အိန္ဒိယက အခုလို အပြုသဘောဆန်တဲ့ ထောက်ပံ့ကူညီမှုတွေ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်လာတယ်ဆိုတာကတော့ အင်မတန်မှ ဝမ်းသာစရာကောင်းပြီး ကြိုဆိုသင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ တခုပဲပေါ့လေ လိုတာထက်ပိုပြီး မမျှော်လင့်စေချင်တာကတော့ အိန္ဒိယနိုင်ငံရဲ့ သဘောသဘာဝအရ သူက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည်လုပ်လေ့ရှိပြီးတော့ တရုတ်တို့လို တခြားဥရောပနိုင်ငံတွေလို ဝုန်းဝုန်းဒိုင်းဒိုင်းတွေမလုပ်ဘူး။ လုပ်လို့ရှိရင်တော့ ခိုင်ခိုင်မာမာရှိတယ်။အချုပ်ပြောရင် ဖြေးဖြေးလေးနဲ့ မှန်မှန်လေးတော့ အကူအညီရော ၂ နိုင်ငံဆက်ဆံရေးရော တိုးတက်မှု ပြလာနိုင်တယ်လို့တော့ ယူဆပါတယ်။"

အိန္ဒိယသမ္မတ Ram Nath Kovind ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဒီဇင်ဘာလ (၁၁) ရက်နေ့က နေပြည်တော်မှာ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိနိုင်ငံက ပေးမယ့်အကူအညီတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီထဲမှာ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပြီး ဆက်လက် အကူအညီပေး သွားမယ့်အကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးတွေ ပါဝင်သလို၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးတွေလည်း ပါဝင်ပြီး၊ မြန်မာနိုင်ငံက ပဲမျိုးစုံကို အိန္ဒိယဘက် တင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုပေးရေးနဲ့ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှာ အကူအညီပေးရေး၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍ ၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးတွေမှာ အိန္ဒိယက အကူညီပေးသွားရေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို နေပြည်တော်မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတ Ram Nath Kovind တို့တွေ့ဆုံပွဲအတွင်း ၂ဝ၁၈ - ၂ဝ၂၁ ခုနှစ်ကာလတွေမှာ အိန္ဒိယက မြန်မာနိုင်ငံကို သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကူအညီပေး ပူးပေါင်းရွက်မှုတွေ လုပ်သွားဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြသလို၊ မြန်မာနိုင်ငံရဲ့ တရားရေး ကဏ္ဍ စွမ်းရည်မြှင့်တင်ရေးအတွက် အိန္ဒိယက အကူအညီတွေပေးသွားဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့ကြပါတယ်။

အပြန်အလှန်အားဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးမြင့်ဖို့ မြန်မာနိုင်ငံကိုလာရောက်တဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီဇာကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ထုတ်ပေးနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG