{{Zawgyi/Unicode}}
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြား ပစ်ခတ်တာတွေ ရှိနေပါတယ်။ နမ္မတူမြို့နယ်မှာတော့ တိုက်ပွဲကြောင်း စစ်ရှောင်တွေ ထပ်မံထွက်ပြေးနေရသလို ကွတ်ခိုင်မြို့နယ်တွင်း ပစ်ခတ်မှုကြောင့် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးမှာ ကားအသွားအလာတွေ ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ရန်ကုန်လာကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်က တဘက်၊ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက တဘက် ဒီကနေ့ မနက်မှာ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲဟာ ရေအိုရွာအနီးမှာ ဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ရေအိုးမှာ ဖြစ်နေတာ။ ဒီအခုချိန်မှာပဲ ဖြစ်နေတာ။ အခုချိန်လည်း ဖြစ်တယ်။ အဲဒီနားမှာ ကျနော် ပြောင်းဖူးစိုက်နေတာ။ မနေ့တုံးက ကျနော် ပြန်မအိပ်ရဲဘူး။ အခုချိန်က ပန်လုံမှာ ပြန်လာတာ။”
နမ္မတူမြို့နယ်က စစ်ရှောင်တွေကို ကူညီသူတစ်ဦးက မနက် ၇နာရီလောက်တည်းက လက်နက်ကြီး ပစ်သံတွေကို တိုက်ပွဲနေရာနဲ့ ၁၀မိုင်လောက်အကွာမှာရှိတဲ့ မန်စံကျေးရွာကနေ ကြားနေရကြောင်းပြောပါတယ်။
“ မနက် ၇နာရီ။ ၈နာရီက လက်နက်ကြီးသံတော့ ကျနော်တို့ ရွာကနေ ကြားနေရတာ။ ကားလမ်းအတိုင်းဆို ၁၀ မိုင်လောက်တော့ ဝေးလိမ့်မယ်။ ဆိုင်ထားတဲ့ အနေအထားက ပန်လုံ ကျေးရွာနားမှာ တစ်ချက်ဆိုင်တယ်။ ပန်လုံကျေးရွာရဲ့ အနောက်ဘက်ပေါ့။ ရေအိုးကျေးရွာနားမှာ နှစ်ဘက်ဆိုင်ထားတယ်။ အဲဒီနားမှာ ၂နေရာရှိတယ်။ အခု ခန့်မှန်းခြေကတော့ ပန်လုံမှာက အသံမကြားရဘူးပြောတယ်။ အဲဒီ ရေအိုးကျေးရွာဘက်မှာ အသံထွက်တယ်လို့ ပြောတယ်။”
ပြီးခဲ့တဲ့အင်္ဂါနေ့က SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ကားအစီး ၄၀လောက်နဲ့ လားရှိုး - နမ္မတူလမ်းအတိုင်း လာပြီး ပန်လုံဘက်ကို ချီတက်သွားကြောင်းနဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့တွေကလည်း အင်အားတိုးမြှင်ထားတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မန်လီ၊ မန်ကျန်း၊ မန်ဆာနဲ့ ရေအိုးကျေးရွာက နေအိမ် ၁၁၈လုံး မီးလောင်ပျက်ဆီးခဲ့သလို ဒေသတွင်းကျေးရွာက စစ်ရှောင် ၃ ထောင်လောက်ဟာလည်း မန်စံ၊ ကောင်းဟုန်း၊ မန်မိုင်၊ နားလေ၊ ပန်သပြေစတဲ့ကျေးရွာတွေနဲ့ သီပေါမြို့ကို တိမ်းရှောင်နေရပါတယ်။
ဒီရာသီဟာ တောင်ယာစိုက်ပျိုးချိန်ဖြစ်တာကြောင့် တချို့ရွာသားတွေဟာ နေရပ်ပြန် တောင်ယာပြန်လုပ်ချိန်မှာလည်း စစ်ကျန် မိုင်းဗုံးတွေ နင်းမိတာကြောင့် တဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာသူတွေလည်း ရှိနေကြောင်း စစ်ရှောင်တွေကို ကူညီသူတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ရှုခင်းသာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ ဒီမနက် ၉နာရီလောက်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြားတိုက်ပွဲဖြစ်ပွားတာရှိခဲ့ကြောင်းနဲ့ ဒီတိုက်ပွဲကြောင့် ကားအသွားအလာတွေ ခေတ္တရပ်နားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။
“ ဒီမြို့ထဲကနေ လက်နက်ကြီးနဲ့ တစ်လုံး၊နှစ်လုံးပစ်ပြီး ငြိမ်သွားတာတော့ တွေ့တယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့အချိန်ကျမှ ဘယ်မှာဖြစ်လဲဆို ရှုခင်းသာဘက်မှာ ဖြစ်တယ်ဆိုပြီးမှ ဒီကနေ လှမ်းပစ်လိုက်တာတဲ့။ ဒါပေမဲ့ ခနလေးပဲ နောက်ပိုင်းတော့ ကားတွေက အသွားအလာ ပြန်ရှိပါတယ်။”
လက်ရှိ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွင်းအခြေအနေနဲပတ်သက်ပြီး TNLA တအန်း(ပလောင်) အဖွဲ့က ပြောခွင့်ရသူကို မေးမြန်းရာမှာတော့ တိုက်ပွဲသတင်း တက်လာတာမရှိကြောင်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောဘက်က အခြေအနေကို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အခုလို ပြောဆိုပါတယ်။
“ အဲဒီဘက်မှာတော့ ကျနော်တို့ မနေ့တုံးကတော့ မရှိဘူးဗျ။ ဟိုတစ်နေ့ကတော့ လာရောက်ပြီးတော့မှ အဝေးကနေ ပစ်ခတ်တဲ့ ဖြစ်စဉ်မျိုးတွေတော့ ရှိပါတယ်။ ဒီတာဝါတိုင်ကုန်းဘက်မှာတော့ အဝေးကနေ လာရောက်ပစ်ခတ်တာရှိပါတယ်။”
ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တာတွေ ငြိမ်သက်နေပေမဲ့ တပ်မတော်ဘက်က စစ်သည်အင်အားတွေ နေ့စဉ်ပို့ဆောင်နေတာရှိနေတာကြောင့် ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
မိုးမောက်မြို့နယ်က ဗန်းမော်- မြစ်ကြီးနား ကားလမ်းကို စိုးမိုးထားတဲ့ အလောဘွမ်စခန်းကို မတ်လအတွင်း KIA က သိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က ဧပြီလအတွင်းမှာ ပြန်လည်ထိုးစစ်ဆင်ခဲ့တာ အခုဆိုရင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဟာ ၂လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
.............................................
{{Unicode}}