သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်ရှောင်တွေ ကိုဗစ်အန္တရာယ်ထက် နေရေးစားရေး ပိုစိုးရိမ်နေရ


မြန်မာပြည်တွင်းက အိုးအိမ်စွန့် စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - Courtesty)
မြန်မာပြည်တွင်းက အိုးအိမ်စွန့် စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - Courtesty)

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံက ပြည်တွင်း ဒုက္ခသည်တွေကတော့ ကိုဗစ်ကပ်ရောဂါကို အာရုံမစိုက်နိုင်ကြဘူးလို့ပြောပါတယ်။ မင်းတပ်နဲ့ ဒီးမော့ဆိုမြို့နယ်တွေက ပြည်တွင်းဒုက္ခသည်တွေအနေနဲ့ နေထိုင်စားသောက်ရေးက ပိုပြီးအရေးကြီးနေတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေတာနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေ ပိုစိုးရိမ်စရာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဇွန်လဆန်းကပဲ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် အသက်လု ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဖို့ထက် လက်ငင်းအရေးကြီးတဲ့ ပြဿနာတွေကို ပိုပြီး အာရုံစိုက်နေကြရတယ်လို့ ကယားပြည်နယ် ဒီးမော့ဆိုးမြို့နယ် ယာယီစစ်ဘေးရှောင်စခန်းက ခူးမီးရယ်က ပြောပါတယ်။

“အခု ကျနော်တို့ဘက်မှာ ကြုံနေရတာက အသက်မသေအောင်ဘဲ ဂရုစိုက်နေရတယ်။ အဲဒီတော့ COVID တို့ ဘာတို့က ကျနော်တို့အာရုံထဲမှာ သိပ်မရှိသလို ခံစားရတာပေါ့နော်။ ဘာလို့ဆိုတော့ ကျနော်တို့ ဒီစစ်တပ်နဲ့ပဲ အလုပ်တွေရှုပ်နေတယ်။ ဟိုပြေးလိုက်၊ ဒီပြေးလိုက် ဖြစ်နေတဲ့အခါကျတော့ တော်တော်လေး ဒုက္ခရောက်တာပေါ့နော်။ အဓိကအရေးကြီးဆုံးက ကျနော်တို့ဝမ်းစာပဲ။ ကျနော်တို့ ထမင်းနပ်မှန်ဖို့က အရေးကြီးတယ်ပေါ့နော်။”

စစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေကြား မေလကုန်ပိုင်းမှာစတင်တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်ထဲက ဒေသခံ ၁၀၈, ၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံး UN OCHA က ထုတ်ပြန်ထားပါတယ်။ အခုအချိန်ထိလည်း အများစုဟာ ဒီးမော့ဆိုမြို့နယ်နားက တောတောင်တွေထဲမှာ ပုန်းခိုနေကြရပါတယ်။
ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန်မြို့နယ်တွေမှာလည်း စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး လူဦးရေ ၁၉,၅၀၀ လောက်က ယာယီစစ်ရှောင်စခန်းတွေဆီ ပြောင်းရွှေ့ခဲ့ကြတယ်လို့ UN OCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားခါးမြို့က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကတော့ ချင်းပြည်နယ်မှာ သေဆုံးသူတွေရှိတဲ့အထိ ကိုဗစ်ရောဂါ ဖြစ်နေတဲ့အပေါ် စိုးရိမ်ကြောင်း ဇွန်လ ၂၃ ရက်က ကြေညာထုတ်ပြန်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ခိုက်ခံရမှာကို ပိုပြီးစိုးရိမ်မှုရှိနေကြောင်း မင်းတပ်မြို့နယ်က ပြည်တွင်းဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ တာဝန်ခံ ဆလိုင်းဒေးဗစ်က ပြောပါတယ်။

“IDPs ( စစ်ရှောင်စခန်းတွေ) အနေနဲ့တော့ COVID-19 ထက်ပေါ့လေ သူတို့စိတ်ထဲမှာတော့ ကြောက်ရွံ့နေတဲ့ဟာပဲ ပိုပြီးများတယ်ပေါ့။ အဓိကတော့ သူတို့ ဒီစစ်ပေါ်မှာပဲ အာရုံစိုက်နေတဲ့အခါကျတော့။ အရင်တုန်းကတော့ ကိုဗစ်ကြောက်ခဲ့ကြတာပေါ့လေ၊ အကာအကွယ်တွေ သူတို့လုပ်ခဲ့ကြတယ်။ အခုက သူတို့စိတ်ထဲမှာ တအားကြီး မရှိတာကို တွေ့ရတယ်။ ဒါကတော့ သူတို့ရဲ့ ခံစားချက်ပေါ့လေ။”
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ရှမ်း၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ် ဒေသတချို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီနောက်ပိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကြောင့် ပြည်တွင်းဒုက္ခသည်ဦးရေဟာ အရင်ကထက် များပြားလာပါတယ်။

ချင်းနဲ့ ကယားပြည်နယ်က ပြည်တွင်းဒုက္ခသည်တွေကို အကူအညီပေးနေသူတွေရဲ့ ပြောဆိုချက်အရဆိုရင် သူတို့ဆီမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်နိုင်မယ့် ပစ္စည်းအသုံးအဆောင်တွေ၊ ရောဂါဖြစ်လာခဲ့ရင် ကုသပေးနိုင်မယ့် ဆေးဝါးတွေ ဘာမှ မရှိဘူးလို့ ပြောကြပါတယ်။ ဆေးဝါး၊ သန့်ရှင်းတဲ့ရေနဲ့ အစားအသောက်၊ အမိုးအကာနဲ့ ခြင်ထောင် ဒါတွေက ပိုပြီး အရေးပေါ် လိုအပ်နေတယ်လို့ သူတို့က ပြောပါတယ်။

..................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG