သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းက ဒုက္ခသည်တွေ စားနပ်ရိက္ခာအကူအညီ လိုအပ်နေ


တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)

တနင်္သာရီတိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရသူတွေ နှစ်ချီကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒုက္ခသည်အများစုကတော့ စစ်ဒဏ်ကိုရှောင်ရှားရင် ဥယျာဉ်ခြံတွေမှာ တိမ်းရှောင်နေကြတာပါ။ တနင်္သာရီတိုင်းထဲက ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြမှာပါ။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ရှောင်နေသူတွေ နှစ်နဲ့ချီကြာလာပေမဲ့ သူတို့ရဲ့ နေအိမ်ကို ပြန်နိုင်ဖို့ အခြေအနေမပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"၂ နှစ်နီးပါးလောက် ရှိပြီပေါ့လေ စစ်ရှောင်နေရတာ။ နေအိမ်ကိုပြန်နိုင်တဲ့ အခြေအနေကတော့ မရှိသေးဘူး လောလောဆယ်အထိ။ နေအိမ်ကို မပြန်နိုင်သေးဘူးပေါ့။ တချို့နီးစပ်တဲ့ အိမ်တွေဆိုရင် ဥပမာ နီးစပ်တဲ့အလုပ် သွားလုပ်ပြီးရင် ပြန်လာကြတယ်။ အဲလိုမျိုးပဲ ရှိကြတယ်။"

နေစရာအိမ်မရှိချိန်မှာ အများစုက အရင်လို စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ကြုံရာကျပန်းသာ လုပ်ကိုင်နေကြရပါတယ်။ တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ လက်နက်ကြီးဒဏ်ကြောင့် ထွက်ပြေးလာကြတဲ့ သူတို့တွေဟာ အခုချိန်မှာတော့ ဥယျာဉ်ခြံတွေထဲ အိမ်ထောင်စုတွေ စုပေါင်းပြီး သင့်သလို နေထိုင်နေကြတယ်လို့ လူသားစာနာအဖွဲ့ဝင် ကိုနွေဦးမောင်က ပြောပါတယ်။

"စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးပစ်တဲ့ နောက်ပိုင်းပေါ့။ အိမ်တွေထိခိုက် ပျက်စီးတာတွေ၊ ကလေးနဲ့ ပြည်သူတွေ အသက်သေဆုံးမှု ဖြစ်တဲ့အထိ သူတို့မြို့နယ်တွေမှာ ဆိုးရွားမှုဖြစ်ခဲ့တဲ့ အခြေအနေကြောင့် သူတို့အိမ်မပြန်ရဲတော့ဘူး။ ကျနော်တို့ တနင်္သာရီမြို့နယ် အနေနဲ့ ပြောရလို့ရှိရင် Camp တွေနဲ့လုပ်ထားတာတော့ တခုတော့ရှိတာပေါ့။ Camp မဟုတ်တဲ့ တခြားနေရာတွေလည်း ရှိတယ်။ သူတို့ရဲ့ နီးစပ်ရာ ဥယျာဉ်တွေထဲ အိမ်ထောင်စုတွေ စုပေါင်းပြီးနေထိုင်တဲ့ Camp သေးသေးလေးတွေလည်း ရှိတာပေါ့လေ။"

တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)

သူ့အစုနဲ့သူ စစ်ရှောင်သူဦးရေဟာ ၃ ထောင်ဝန်းကျင်မှာ ရှိနေပါတယ်။ သူတို့ရဲ့ စားနပ်ရိက္ခာလိုအပ်ချက်က အခုချိန်မှာ တော်တော်လေး လိုအပ်နေတယ်လို့ ကိုနွေဦးမောင်က ပြောပါတယ်။

"ကျနော်တို့မြို့နယ်မှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ အလှူရှင်တွေကလည်း နောက်ပိုင်းဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ခက်ခဲလာတဲ့ အခြေအနေမှာလေ၊ ကျနော်တို့ အလှူခံနေရတာ မျက်နှာတွေတောင် ပူလာပြီဗျ။ ဒီလိုအခြေအနေတွေ ရှိနေပါတယ်။"

စစ်ရှောင်နေသူတွေရဲ့ စားသောက်ရေးနဲ့ ကျန်းမာရေးကို ဒေသတွင်း ကူညီပေးနေတဲ့ အဖွဲ့တွေအချင်းချင်း ချိတ်ဆက်ပြီး ကူညီနေကြတာပါ။ စစ်ရှောင်သူတွေထဲမှာ မွေးကင်းစ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အသက်ကြီးသူတွေလည်း တော်တော်များများ ရှိပါတယ်။ တနင်္သာရီတိုင်းထဲ မြို့ပေါ်မှာ အစစ်အဆေး တင်းကြပ်သလို ကျေးရွာတွေထဲ မီးရှို့ဖျက်စီးခံရလို့ ဒေသခံနေအိမ်တွေ ပျက်စီးဆုံးရှုံးတာလည်း ကြုံနေရတာပါ။

တနင်္သာရီတိုင်းထဲက တချို့နေရာတွေမှာ စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေကြားက အပြန်အလှန် စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုကလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေကြောင့် တနင်္သာရီမြို့နယ်ထဲမှာ စစ်ရှောင်နေကြသူတွေရဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် လေကြောင်းရန်ကာကွယ်ရေး ပညာပေးအစီအစဉ်တွေကိုလည်း စစ်ရှောင်ကူညီနေသူတွေက ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူပေါင်း ၂.၇ သန်းကျော် ရှိနေကြောင်း ခန့်မှန်းထားတာပါ။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် စာနာမှု အကူအညီလိုအပ်နေသူ ၁၈.၆ သန်းရှိတယ်လို့လည်း ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG