သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်းတချို့လွတ်မြောက်မှု တုံ့ပြန်သံများ


၂၀၂၄ နှစ်သစ်ကူးကာလမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အင်းစိန်အကျဥ်းထောင်ထဲ အကျဥ်းသားတွေကို တင်ဆောင်လာတဲ့ကားနဲ့ ထောင်ပြင်ပကနေ စောင့်မျှော်နေကြတဲ့ မိသားစု မိတ်ဆွေများ။ (ဇန်နဝါရီ ၄၊ ၂၀၂၄)
၂၀၂၄ နှစ်သစ်ကူးကာလမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အင်းစိန်အကျဥ်းထောင်ထဲ အကျဥ်းသားတွေကို တင်ဆောင်လာတဲ့ကားနဲ့ ထောင်ပြင်ပကနေ စောင့်မျှော်နေကြတဲ့ မိသားစု မိတ်ဆွေများ။ (ဇန်နဝါရီ ၄၊ ၂၀၂၄)

မနေ့က မြန်မာပြည်တဝှမ်း လွတ်မြောက်လာသူတွေထဲမှာ NLD ဧရာဝတီတိုင်းဝန်ကြီး ဒေါက်တာလှမြတ်သွေးနဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အပါအဝင် ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူတချို့လွတ်မြောက်ခဲ့ကြပါတယ်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်ပေးလိုက်တဲ့အပေါ် သဘောထားတုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ လွတ်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက် ကားနဲ့တိုက်ဖမ်းဆီးခံရသူတွေထဲမှာ အသက်မသေဘဲ နှစ်နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ MPA မြန်မာသတင်းဓါတ်ပုံ အေဂျင်စီအဖွဲ့ဝင် အလွတ်တန်းဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း ပါဝင်ပါတယ်။

သူလွတ်မြောက်လာတဲ့နဲ့ပတ်သက်လို့ ဝမ်းသာကြပေမယ့် တဘက်မှာလည်း ကောလာဟာလ သတင်းတွေကြောင့် ပြန်အဖမ်းခံရမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ MPA ကို တည်ထောင်သူတဦးဖြစ်တဲ့ ဓါတ်ပုံသတင်းထောက် ကိုဂျေပိုင်က ဗွီအိုအေကို ပြောပါတယ်။

"လွတ်လာတာတော့ ကောင်းတာပေါ့နော်၊ ဒါပေမဲ့ လွတ်လာပြီးနောက်မှာပဲ ပြန်ဖမ်းဖို့၊ ပြုဖို့ဆိုပြီးတော့ စကစတွေရဲ့ lobby channel တွေပေါ့နော်၊ ချန်နယ်တွေမှာ ပြန်တင်လာတာတွေ ရှိတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့ MPA ပေါ့နော်- Myanmar Press Photo Agency သတင်းထောက်ပေါ့- ဝါဒဖြန့်ချိနေတဲ့ သတင်းဌာနရဲ့ သတင်းလိမ်တွေတင်နေတဲ့ သတင်းဌာနရဲ့သတင်းထောက်ကို ဘာလို့ ပြန်လွှတ်ပေးတာလဲ၊ ပြန်ဖမ်းသင့်တယ်...ဘာ...ညာ..ဆိုပြီးတော့ ပြောဆိုနေတာဆိုတော့ မကောင်းဘူးပေါ့နော်။"

ကိုကောင်းဆက်လင်းဟာ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ လူငယ်မျိုးဆက်တွေက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လျှပ်တပြက် ဆန္ဒပြလှုပ်ရှားမှုကို ဓါတ်ပုံသတင်းယူနေချိန် စစ်ကောင်စီတပ်တွေက ကားတွေနဲ့တိုက် ဖမ်းဆီးတဲ့အထဲမှာ သူနဲ့အတူ လုပ်ဖေါ်ကိုင်ဘက် အမျိုးသမီးသတင်းထောက်တဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုကောင်းဆက်လင်းတဦးကိုပဲ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ သူဟာ ကားတိုက်ခံရတဲ့ဒဏ်ကြောင့် ခါးကျိုးခဲ့ပြီး ဝေဒနာအပြင်းအထန်ခံစားခံရတယ်လို့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။

လွတ်လပ်ရေးနဲ့ အထိမ်းအမှတ်ဆိုပြီးတော့ စစ်ကောင်စီက အကျဉ်းသား ၉, ၀၀၀ ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဘယ်လောက်ပါသလဲဆိုတာသိရဖို့ လုံခြုံရေးအရ ပြည်ပမှာ အခြေစိုက်နေတဲ့ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူ ကိုအောင်မျိုးကျော်ကို မေးကြည့်ပါတယ်။

"ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးရယ်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်- ၂ ယောက်အပါအဝင် နိုင်ငံရေးအကျဥ်းသားအနည်းငယ်ပဲ လွတ်တယ်ဆိုတာ ကျနော်တို့ သိထားရတယ်။ အဲဒီထဲမှာမှ လူသိများတဲ့ ကိစ္စဆိုလို့ရှိရင် ပန်းပင်ကြီးလမ်းမှာ ကားနဲ့တိုက်ပြီး အဖမ်းခံခဲ့ရတဲ့ လူငယ်အုပ်စုလည်း လွတ်လာတယ်ဆိုတာတော့ ကျနော်တို့ သိထားရတယ်ပေါ့နော်၊ ဒါပေမဲ့ တကယ်တန်း နိုင်ငံရေးအကျဥ်းသားအရေအတွက်ကတော့ အင်မတန်မှ နည်းလွန်းတဲ့အရေအတွက်ပဲ လွတ်လာတယ်လို့ ကျနော်တို့ သိထားရတယ်ဗျ။ အများစုကတော့ ရာဇဝတ်သားတွေ လွတ်လာတယ်လို့ပဲ ကျနော်တို့ သိထားရပါတယ်ဗျ။"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူတွေ အထူးသဖြင့် လူငယ်တချို့လွတ်မြောက်လာတဲ့အတွက် မိသားစုဝင်တွေ ထောင်ဗူးဝတွေမှာ ဝမ်းသာအားရ ကြိုနေကြတာတွေ့ရပေမယ့် တဘက်မှာလည်း စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အချိန်မရွေး ပြန်အဖမ်းခံရနိုင်မယ့် အခြေအနေတွေအပေါ် ရတက်မအေးဖြစ်ကြရတယ်လို့ ကိုအောင်မျိုးကျော်က ပြောပါတယ်။

ဒီတခေါက်လွတ်လာသူတွေထဲမှာ NLD ပါတီမှာ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်နေသူတွေဖြစ်တဲ့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ပါဝင်တဲ့အပေါ်မှာ လွတ်မြောက်နယ်မြေကိုရောက်နေတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်က သူ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

"နိုင်ငံရေးအကျဥ်းသားတွေထဲမှာပေါ့နော်၊ ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဏာသိမ်းမှုစကတည်းက ထိပ်ပိုင်းခေါင်းဆောင်တွေ- ဒေါ်အောင်ဆန်းစုကြည်ကစလို့ သမ္မတကြီး - အဲဒီကနေပြီးတော့ တကယ့်ကို Key Stateholder လို့ ပြောလို့ရတဲ့ ပုဂ္ဂိုလ်အများအပြားကလည်း နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံရတာ အများကြီးရှိတယ်။ ဆိုတော့ အဲဒီလူတွေအားလုံး လွတ်သေးတာကို မတွေ့ရဘူး။ နိုင်ငံရေးအရ စိတ်ဆန္ဒရှိမှုနဲ့ ပြဿနာကိုဖြေရှင်းလိုတဲ့စိတ်ဆန္ဒမျိုးကတော့ ဒီလွတ်မြောက်ရေးမှာ လုံးဝမတွေ့ရဘူး။ ဒါကိုလည်း ကျနော်တို့ မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် - ဒီ လွတ်လပ်ရေးနေ့ဆိုတဲ့ အထိမ်းအမှတ်ကိုစပြောရရင် မလွတ်မြောက်သေးတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ဘဝများစွာရှိနေတယ်။ စစ်မီး ဟုန်းဟုန်းတောက်နေတာ ရှိနေတယ်။ နောက်တခုက တိုင်းတပါးကျွန်ကနေပြီးတော့ ကျနော်တို့ စစ်တပ်ကျွန်ဖြစ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေမှာ ဒီ လွတ်လပ်ရေးနေ့ဆိုတဲ့ အထိမ်းအမှတ်ကတော့ အနှစ်သာရအားဖြင့် ဘာမှ နိုင်ငံရေးအနှစ်သာရကင်းမဲ့နေတာ ကြာခဲ့ပြီပေါ့နော်။

အင်ကြင်းနိုင်။ ။ တဘက်မှာလည်း အခုလို NLD ပါတီဝင် လူသိများသူတချို့နဲ့ နိုင်ငံရေးအကျဉ်းသားအနည်းအကျဉ်းလွတ်လာတဲ့အတွက် စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတာတွေ လျော့ကျသွားမလား၊ အပြောင်းအလဲရှိမလား။

ကိုစည်သူမောင်။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ထားတဲ့ Resolution 2669 ပေါ့၊ အဲဒီမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ဖို့-ဆိုတဲ့ resolution ပါတယ်ပေါ့နော်။ နောက်တခုက ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ ကြွေးကြော်သံတွေမှာရော နိုင်ငံရေးရည်မှန်းချက်တွေမှာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး" ဆိုတဲ့ ကိစ္စပါတယ်။ ဆိုတော့ - နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်လို့ပဲ ပြောပြော- နိုင်ငံတကာရဲ့တောင်းဆိုမှုပဲ ဆိုဆို ဒီအခြေအနေဟာ နိုင်ငံရေးအရ ဖြေရှင်းတဲ့ပုံစံမျိုးကို လုံးဝမမြင်ရတာတော့ အမှန်ပဲ။ အဲဒီအတွက်ကြောင့် နိုင်ငံတကာကလည်း စစ်အုပ်စုကနေပြီးတော့ ဒီလိုမျိုးအကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ ဘယ်လိုမျိုး လုပ်ကိုင်ဆောင်ရွက်နေလဲဆိုတာကို သူတို့ သတိမပြတ်စောင့်ကြည့်နေတယ်။ ဆိုတော့ - အဲဒီအနေအထား တခုမှာတော့ အခု လွှတ်ပေးလိုက်တဲ့အခြေအနေဟာ နိုင်ငံတကာက အားပေးရလောက်တဲ့အခြေအနေ လုံးဝမဟုတ်ဘူး။"

မနေ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးကနေ အကျဉ်းသား ၉,၇၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီကတော့ ကြေညာထားတာပါ။ အဲဒီထဲမှာ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ပါဝင်သလဲဆိုတာ အတိအကျမသိရသေးပေမဲ့ တရက်နှစ်ရက်အတွင်း လွတ်လာသူတွေစာရင်းကို ထုတ်ပြန်နိုင်မယ်လို့ အေအေပီပီ တာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားဆဲသတင်းထောက်တွေထဲမှာ ဗွီအိုအေရဲ့ ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်လည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG