USCIRF လို့ခေါ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်လာစေရေး ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို မကြာခင်က ကြားနာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေ အရ ဖွဲ့စည်းခဲ့တဲ့ ပါတီကြီးနှစ်ရပ်လုံးကပါဝင်တဲ့ အစိုးရရဲ့ အကြံပေးအဖွဲ့ USCIRFရဲ့ ဒုတိယ ဥက္ကဋ္ဌကတော့ Meir Soloveichik ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်ခွင့် ဒါမှမဟုတ်လည်း ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်တွေကို နိုင်ငံတကာစံနှုန်းတွေ အသုံးပြုပြီး ကော်မရှင်က စောင့်ကြည့်လေ့လာကာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်လွှတ်တော်တို့ကို မူဝါဒဆိုင်ရာ အကြုံပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်းခဲ့တာဟာဆိုရင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေ ထိုးဆင်းသွားတယ်လို့ ဒုတိယဥက္ကဋ္ဌ Soloveichik က ပြောပါတယ်။
“ပြည်တွင်းနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ရတဲ့ မြန်မာလူဦးရေ သန်းချီ ရှိနေပါတယ်။ ဒုက္ခသည်များအနေနဲ့လည်း ၂၈,၀၀၀ ကျော် ဖမ်းဆီးခံရပြီး ၆,၀၀၀ ကတော့ သတ်ဖြတ်ခံရပါတယ်။ မြန်မာ စစ်တပ်ဟာ စစ်အာဏာမသိမ်းမီ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကတည်းက မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ မျိုးချစ်နိုင်ငံတခု ဖြစ်လာစေရေးနဲ့ အာဏာကို ချုပ်ကိုင်ထားရေးအတွက် လူနည်းစုတွေနဲ့ ကိုးကွယ်ယုံကြည်မှုအရ လူနည်းစု ဖြစ်ရသူတွေကို ပစ်မှတ်ထားခဲ့ပါတယ်။”
စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်နဲ့ စစ်ကောင်စီတို့က ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အတူ နိုင်ငံတဝန်းက ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နေရာဒေသ ၂၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့လည်း မစ္စတာ Soloveichik က ပြောပါတယ်။
“၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကနန်ရွာက စိန့်ပီတာ ဘက်ပတစ် ခရစ်ယာန် ဘုရားကျောင်းမှာ ဘုရားကျောင်းတက်ဖို့ လာကြချိန် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုက ပြင်းထန် ဆိုးရွားလွန်းတာကြောင့် စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Amnesty International က တောင်းဆိုခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာတော့ စစ်ရှောင်တွေခိုလှုံရာ မန္တလေးဒေသက ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။ ၇ နှစ် အရွယ် မိန်းကလေးငယ်တဦး ခြေထောက်နှစ်ဘက်လုံး ဖြတ်ပစ်ခဲ့ရတာ အပါအဝင် အများအပြား ဒဏ်ရာရခဲ့ပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးရွားရွား ချိုးဖောက်တဲ့ နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ထပ်မံသတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အလားတူ ဆက်လက်သတ်မှတ်ဖို့ USCIRF က အဆိုပြုပါတယ်။ မြန်မာနိုင်ငံဟာ ဆက်လက် ပြိုကွဲနေတာနဲ့ အတူ ထိခိုက်လွယ်တဲ့ ဘာသာရေးဆိုင်ရာ အစုအဖွဲ့တွေဟာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်တုန့်ပြန်ခံရတာတွေ၊ အကြမ်းဖက်၊ နှိပ်စက်ခံရတာတွေ ထပ်ပြီး ဖြစ်လာနိုင်တယ်လို့လည်း မစ္စတာ Soloveichik က သတိပေးပါတယ်။
ဘာသာရေးလွတ်လွပ်ခွင့်အရေး ဆောင်ရွက်မှုကို ကာကွယ်ပေးခြင်းဟာဆိုရင် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတဲ့ အစိုးရတွေနဲ့ လေးစားမှုမရှိတဲ့ အစိုးရတွေကြား ခြားနားချက်ကို အသိအမှတ်ပြုတဲ့သဘော ဖြစ်ပါတယ်လို့ ဒုတိယသမ္မတ JD Vance ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်သူအားလုံးကို တိုးမြှင့် ကာကွယ်ပေးရမယ့် အချိန်လည်း ဖြစ်ပါတယ်။
Forum